စန္ဒာသူရိယ စတင်ခြင်း ၁နှစ်ပြည့်


http://sandarthuriya.wordpress.com

စန္ဒာသူရိယ ဘလော့ဂ်
သာသနာနှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ၀ါဆိုလပြည့်နေ့ ၁၅ ရက်၊ (ဓမ္မစင်္ကြာအခါတော်နေ့) တနင်္လာနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင်စတင်ခဲ့သော စန္ဒာသူရိယ ဘလော့ဂ်သည် ယခုဆိုလျှင် တစ်နှစ်တင်းတင်းပြည်ခဲ့လေပြီ။

ပဇာ သဗ္ဗာ သုဿယန္တု ၊ ၀ုဋ္ဌဟန္တု သုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။

ပဇာ သဗ္ဗာ၊ ကိုယ်စီကိုယ်ငှ ကိုယ်ဒေသ၌ ပျော်ကြစပ်ရာ သတ္တ၀ါ ဟူသမျှတို့သည်၊ သုဿယန္တု ၊ အိပ်မက်ရာမက် ကောင်းစွာ မက်၍ နှစ်သက်ကြည်သာ အိပ်စက် နိုင်ကြပါစေကုန်သတည်း။ သုမင်္ဂလာ၊ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြစေကုန်သည် ဖြစ်၍။ ၀ုဋ္ဌဟန္တု ၊ ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြား နိုင်ကြပါစေ ကုန်သတည်း။ ဒုဂ္ဂတိံဂါမိံ၊ အပါယ် ဒုဂ္ဂတိ ရောက်မည့် အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။ ဒူသေန္တု ၊ သူတော်ကောင်း လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေ ကုန်သတည်း။ သဗ္ဗပါရမိံ၊ အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။ ပူရေန္တု ၊ တစ်ဆင့်ထက် တစ်ဆင့် ရင့်သထက် ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ပါစေကုန်သတည်း။

ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ် တရားများ ကွယ်ပျောက်၍ သွေ့ခြောက် နေသကဲ့သို့ ထင်ရလေသည်။ ထို့ကြောင့် စန္ဒာသူရိယ ဘလော့သည် ကျရာနေရာမှ ရေမှုန်လေးတစ်မှုန်အဖြစ် ၊ နှင်းပွင့်လေးတစ်ပွင့်အဖြစ် ၊ အေးချမ်းသော အရိပ်ကလေး တစ်ခုအဖြစ် ရည်သန်၍ ဓမ္မဒါန ပြုထာခြင်း ဖြစ်ပါသည်။

လာရောက် လည်ပတ်ကြသော ဓမ္မမိတ်ဆွေများနှင့် အပေါင်းအသင်း သူငယ်ချင်းများအားလုံးကို ကျွန်ုပ် သူရိယ၊ သူငယ်ချင်း တောသား ၊ ညီမငယ် ကြယ်စင် နှင့် စန္ဒာ တို့မှ ကျေးဇူး အထူးတင်ရှိပါကြောင်း… ကျွန်ုပ်တို့ သူငယ်ချင်း မောင်နှမ (၄) ယောက် တတ်နိုင်သလောက်လေး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။  အလည်ရောက်လာသူ အားလုံး မှတ်သားဖွယ်ရာတစ်ခုခု ပြန်လည် သယ်ဆောင် သွားနိုင်ပါစေလို့ မျှော်လင့်လျှက်… ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

စန္ဒာသူရိယ ဘလော့ဂ်သည် ကိုယ်ကျိုးမပါသော ဓမ္မဒါန သီးသန့်သက်သက်သာ ဖြစ်သောကြောင့် မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

Advertisements

ဗြိတိသျှတော်ဝင်အခန်းအနား


ရွှေရောင် ၀င်းလက် တောက်ပ နေပြီး ခမ်းနားထည်ဝါလှတဲ့ ထီးမူနန်းရာ အဆောင်အယောင်တွေ ရှေ့မှာ ဗြိတိန်ဘုရင်မကြီ အယ်လီဇဘတ် ဗြိတိန်အစိုးရသစ်ရဲ့ ပါလီမန်ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပုံဖြစ်ပါတယ်။ ဗဟုသုတအဖြစ်တင်ပေးတာပါ။ ဘုရင်မကြီးရဲ့ သက်တမ်းအတွင်းမှာ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကိုယ်စားပြုပြီး မိန့်ခွန်းခြွေဖူးတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဗြိတိန်မှာ ပါလီမန် အသစ်ပြန်လည် ဖွဲ့စည်းတိုင်း ဘုရင်မမိန့်ခွန်းနဲ့ ဖွင့်လှစ်တာဟာ အစဉ်အလာ ထုံးစံဖြစ်ပါတယ်။ ရွေးကောက်ပွဲ တစ်ခုပြီးတဲ့ အခါတိုင်း ပါလီမန်ဟောင်းကို ဖျက်သိမ်းပြီး အစိုးရအသစ် ဖွဲ့စည်းပါတယ်။ အဲဒီနောက် အစိုးရသစ်ရဲ့ ပထမဆုံး အခမ်းအနားမှာ ဘုရင်မကြီးက လူကိုယ်တိုင်တက်ရောက်ပြီး အထက်လွှတ်တော် အမတ်တွေကို မိန့်ခွန်းခြွေလေ့ရှိပါတယ်။ လက်ရှိဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်ကတော့ ဒေးဗစ်ကင်မရွန် ဖြစ်ပါတယ်။
Source: BBC

စုန်လိုက် ဆန်လိုက်


ကျွန်ုပ် ရေကူးတတ်ပါသည်။ သင်တန်းမှာ စနစ်တကျတက်ပြီး တတ်ကျွမ်းလာခြင်း မဟုတ်ပါ။ ငယ်ငယ်ကတည်း ရေကြိုက်ခဲ့တော့ ကျွန်ုပ်ကို ရေကန်ထဲ တွန်းချတတ်သော အဖေ့ကြောင့် အလန့်တကြား ကူးခတ်ရင်း ကူးတတ်လာခဲ့ခြင်း ဖြစ်သည်။ အနည်းငယ်ကြီးလာတော့ အဖေခရီးသွားရာ မြစ်ဝကျွန်းပေါ်ဒေသကို နွေရာသီ ကျောင်းပိတ်ရက်တိုင်း လိုက်ခဲ့သော ကျွန်ုပ်ကို မော်တော်ပေါ်မှနေ၍ မြစ်ထဲ ချောင်းထဲ တွန်းတွန်းချကာ ရေမကြောက်အောင် သင်ပေးခဲ့သည်။ စနစ်တကျ မဟုတ်သော အတတ်ပညာ ဖြစ်ပေမယ့် ကိုယ့်အသက် ကိုယ် ကယ်နိုင်လောက်အောင်တော့ ကူးခတ်နိုင်ခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးခဲ့သော အဖေ့ကျေးဇူးတွေ…

၁၀တန်းကျောင်း မပြီးခင်အထိ အဖေ့ခင်းပေးခဲ့သည့် ဖြောင့်ဖြူးသာယာသော လမ်းတွေကို အခက်အခဲမရှိ ကျော်ဖြတ်ခဲ့ရပေမယ့် ၁၀တန်း အောင်စာရင်းထွက်ပြီးတာနဲ့ အဖေခင်းပေးတော့ လမ်းမရှိတော့ပေ။ လူကြီးဖြစ်ပြီ ကိုယ့်လမ်းကိုယ်လျှောက်တော့ ဆိုပြီး ကိုယ်တက်ချင်ရာ လုပ်ခွင့်ရခဲ့တယ်။ တက္ကသိုလ်ကျောင်းလျှောက်တာမှ အစ ဘ၀နောင်ရေးအတွက် အတတ်ပညာရှာဖွေရေးအတွက် အဖေ၀င်မပါခဲ့။ မှားနေတာတွေတွေ့မှသာ ဘေးကနေ၀င်ရောက် ပြောဆိုပေးခြင်းမှာလွဲ၍ ၀င်မပါခဲ့။ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် စဉ်းစားဆုံးဖြတ်ကာ ကိုယ့်လျှောက်ရမည့်လမ်းကို ရွေးချယ်ခဲ့ရတယ်။ ကိုယ်မှားလျှင် ကိုယ်ခံ။

ရေကူးသည်ဆိုသည်မှာ အပြောလွယ်သလောက် တစ်ကယ်ကူးကြည့်တော့ အတော်ခက်သည်။ လက်ကလဲ ခတ်ရသေးသည်။ ခြေထောက်ကလည်းခတ်ရသေးသည်။ ဒီကြားထဲ အသက်ရှူနိုင်ဖို့ ကြိုးစားရသေးသည်။ အခန့်မသင့်လို့ အသက်ရှူရင် နှာခေါင်းထဲရေ၀င်သွားပါက ခံပေရော…

၂၀၀၂ခုနှစ်၊ သင်တန်းတခုတက်ရင်းမှစတင်က လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်က စမ်းတ၀ါးဝါးနဲ့ ဘယ်တော့မှဆုံးမယ်မှန်းမသိတဲ့ ဘ၀ရေပြင်ကြီးကို စတင်ကူးခတ်ခဲ့ရသည်။ ဟန်ဆောင်မှုတွေ ကာရံထားတဲ့ မိဘမဟုတ်တဲ့ လူ့ပတ်ဝန်းကျင်ကို စတင်ကျော်ဖြတ်ရသည်။ အတွေ့အကြုံမရှိသေးတဲ့ ကျွန်ုပ်အတွက် ခံနိုင်ရည်မရှိခဲ့။ သို့ပေမယ့် ရွေးချယ်စရာမရှိခဲ့။ အလုပ်မှပြန် စိတ်ညစ်သမျှကို အဖေ့ကိုဖွင့်ပြော၊ အဖေ့အားပေးစကားတွေနဲ့ နောက်နေ့အလုပ်ပြန်ဝင်…

ရေမကူးတတ်ခင်က ရေထဲရောက်လျှင်အလွန်ကြောက်၏။ ကြောက်လန့်တကြား ကူးခတ်ရင် နှာခေါင်းထဲရေ၀င်၊ ပါးစပ်ထဲရေ၀င် အတော့်ကိုခံရသည်။ ကျိတ်မှိတ်သည်းခံကာ ရေမနစ်အောင်ကြိုးစားရသည်။ စိတ်လျှော့လိုက်ပါက ရေအောက်ရောက်ဖို့က မြေကြီးလတ်ခတ်မလွဲပေ။

တစ်စိမ်းတွေကြားမှာ ကျင်လည်ရင်း လူ့သဘောမနောတွေကို တဖြည်းဖြည်းနားလည်ခဲ့တယ်။ လုပ်ငန်းခွင်ထဲမှာ နည်းနည်းလေးသတိလွတ်သွားတာနဲ့ ကိုယ့်ကိုနင်းကာ ကျော်တက်သွားမည့်သူတွေက အများကြီး။ ဒီအတွက် သတိမလစ်ဖို့ နဲ့ အချိန်နှင့်အမျှ ပတ်ဝန်ကျင်းကို စောင့်ကြည့်နေသည်။ အဖေ့ဆီကရခဲ့တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ဓတ်တွေကြောင့် တဖြည်းဖြည်း အခက်အခဲတွေမှန်သမျှကို ကျော်ဖြတ်နိုင်ခဲ့သည်။ နောက်ပိုင်း လုပ်ငန်းခွင် မပြေလည်မှု၊ လူမှုရေးပတ်ဝန်းကျင် အဆင်မပြေမှုများကို အဖေ့ထံဖွင့်မပြောခဲ့တော့။ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင်ဖြေရှင်းနိုင်ခဲ့သည်။

၂၀၀၅ခုနှစ် အောက်တိုဘာလမှာ အကျွေန်ုပ်ကိုတစ်ယောက်တည်း လူ့လောကမှာ စိတ်ချလက်ချထားခဲ့တယ်။ အဖေ့မရှိတော့သည့်နောက် အရင်းနှီးဆုံးဆိုလို့ ကျွန်ုပ် မှာ အမေ သာရှိခဲ့သည်။ ကျမ်းမာရေးမကောင်းသည့် အမေ့ကို ဂရုစိုက်ရင်း တစ်ဖက်မှစီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့ရသည်။ လောကပင်လယ်ထဲ မြုပ်ချည်ပေါ်ချည် ကူးခတ်ခဲ့ရသည်။ ပေါ်တဲ့အခါမှာ အသက်ကိုဝအောင်ရူ၊ အခန့်မသင့်လို့ မြုပ်ခဲ့ရင်ဆိုတာကို ကြိုတင်တွေးရင်းပြင်ဆင်ခဲ့ရတယ်။ မြုပ်တဲ့အခါမှာ အသက်ရှုအောင့်ရင်းနှင့် ရေငုတ်ပါတတ်ခဲ့သည်။ ရောက်တဲ့နေရာမှာ အတွေ့အကြုံကိုရအောင်ယူခဲ့ရင်း သက်လုံကောင်းသထက် ကောင်းအောင်သင်ယူခဲ့ရသည်။

၂၀၀၇ ခုနှစ်လောက်မှ စတင်၍ ရေထဲမှတက်ကာ ရွက်လွှင့်နိုင်အောင်ကြိုးစားခဲ့ရာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ ရေထဲမှတက်ကာ လှေပေါ်တက်ရွက်လွှင့်နိုင်ခဲ့တယ်။ အမိမြေကိုစွန့်ကာ ရေကြည်ရာမြက်နုရာသို့ ဦးတည်လွှင့်ခဲ့ရာ အခုဆိုရင် အတိုင်းအတာ တစ်ခုဆီသို့ ရောက်ခဲ့လေပြီ။ ရှေ့ဆက်ကြုံတွေ့လာရမည် မုန်တိုင်းတွေ၊ ၀ဲဂယက်တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကာ “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရားဟောစကားကို လက်ကိုင်ပြုရင်း  ရည်မှန်းချက် ပန်းတိုင်းဆီသို့  ဦးတည်လျှက်….. ဦးတည်လျှက်… ဦးတည်လျှက်….

အောင်ပွဲခံတယ်ဆိုတာ နောက်ထပ်တိုက်စရာမလိုတော့မှ တိုက်ပွဲကို နှုတ်ဆက်တဲ့အပြုအမူတစ်ခုပါ …ကျွန်ုပ်မှာ တိုက်ပွဲဝင်ဖို့သတ္တိတွေပဲရှိတယ်… အောင်ပွဲခံဖို့သတ္တိတွေမရှိသေးဘူး…

သူငယ်ချင်း နန်းလေပြေနု တဂ်ထားတဲ့ “ ဖြတ်သန်းခဲ့သော မြစ်ပြင်များ” ပိုစ့်ကို ရေးသားခြင်းဖြစ်ပါတယ်။

ဇေယျလင်းထင်
၁၆.၅.၂၀၁၀ (နယုန်လဆန်း ၄ ရက် ၁၃၇၂ခုနှစ်၊)

ဆု


ဆု….. ဆု……  ဝေးခဲ့တာကြာပေါ့… မတွေ့ဖြစ်တာ အတော်ကြာပီပေါ့နော်… အခုဆိုမင်းဘယ်များရောက်နေမလဲ…. ငါတို့ကျောင်းတုန်းက မင်းနဲ့ငါက အနီးဆုံးမှာရှိခဲ့တာပေါ့။ ၁၀ တန်းအောင်းပီးတော့ မင်းနဲ့အလှမ်းနည်းနည်းဝေးခဲ့ရတယ်… တက္ကသိုလ်ရောက်တော့ လည်းမတွေ့ခဲ့ရဘူး…. တခြားအပြင်သင်တန်းတက်တော့မှာ ၂ခါလား  ၃ခါလားမသိဘူး… ဒါလောက်ပဲတွေ့ခဲ့ရတယ်… မင်းကိုအရမ်းလွမ်းတယ်…. တချိန်က ငါတို့အတူသွား၊ အတူလာ၊ မင်းကိုဆွဲပြီး ပွဲတွေတက်ခဲ့ကြတာကို ငါအခုထိမမေ့နိုင်သေးဘူး။ ငါတို့ကို လူတိုင်းက အားကျတဲ့ မျက်လုံးတွေနဲ့ကြည့်ကြတာ… ဘယ်ပဲသွားသွား မင်းနဲ့ငါ့က လက်ချင်းချိတ်လျှက်ပဲ….
သူများချစ်သူရည်းစားတွေတောင် ငါတို့လောက်ချစ်နိုင်မှာ မဟုတ်ဘူး။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ သိပ်မှန်တယ်နော်.. ငါတို့အချစ်ကြီးခဲ့လို့ အခုအဝေးကြီးဝေးခဲ့ရတာ….. ငါ့ကိုခွင့်လွှတ်ပါကွာ… ငါမှားခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ပါတယ်။ ဒီလိုလုပ်ခဲ့၇တာလဲ မင်းကိုချစ်လွန်းလို့ပါကွာ။ အခု ငါလေ… မင်းနဲ့နီးစပ်ဖို့ ငါကြိုးစားနေတာ…. သိပ်မလိုတော့ဘူး။ ငါမင်းဆီအရောက်လာခဲ့မယ်နော်… ငါ့တို့အရင်တုန်းကလို ပျော်ပျော်ကြီး တယောက်လက်တစ်ယောက်ဆွဲပြီး ဘ၀ လမ်းကိုဆက်ကြစို့… ငါ့ဘေးမှာ မင်းမရှိရင် မဖြစ်သလို မင်းဘေးမှာ ငါမရှိပဲ မင်းအဖော်မဲ့နေမှာကို ငါမလိုလားဘူး။ မင်းကိုအရမ်းချစ်ကြတဲ့သူတွေ မင်းအနားမှာ ပတ်လည်ဝိုင်းနေတယ်ဆိုတာငါသိပါတယ်။ ဒါပေမယ့် မင်းငါ့ကိုသစ္စာရှိရှိစောင့်နေမယ်ဆိုတာ ငါယုံကြည်တယ်။ ငါတို့ အနာဂတ်ကို အတူတူဖြတ်ကျာ်ကြစို့…… ငါမှားခဲ့တဲ့ အမှားတွေကိုမင်းခွင့်လွှတ်နိုင်မှာပါ။ မင်းကို တန်ဖိုးထားလွန်းလို့.. ချစ်လွန်းလို့ပါ… ဒီတစ်ခေါက်တော့ ငါ့ကိုယုံကြည်ပီးစောင့်နေပေးနော်… ပါမောက္ခတွေ၊ ဆရာဆရာမတွေ ရှေ့မှာ တက်ပီး မင်းကိုယူမယ်နော်…… ထွက်မပြေးပါနဲ့တော့ကွာ… ငါ့ဆီကိုအပြေးလာခဲ့ပါနော်…

တူသော အကျိုး


တစ်ဖက်သားကို
နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင်
ကိုယ့်ကို နွေးနွေးထွေးထွေး
ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။

တစ်ဖက်သားကို
မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင်
ကိုယ့်ကိုယ် မြတ်မြတ်နိုးနိုး
ကြင်နာမယ့်သူ ရောက်လာမှာပါ။

တစ်ဖက်သားကို
ထွေးထွေးပိုက်ပိုက် ယုယတတ်ရင်
ကိုယ်ကို ထွေးထွေးပိုက်ပိုက်
ယုယမယ့်သူ ရှိလာမှာပါ။

တူသော အကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ
ဟန့်တားနိုင်တာ မှတ်လို့….။

အိမ်ပြန်ချိန်


မနေ့ကအလုပ်ကနေစောစောအိမ်ပြန်ရတဲ့နေ့    တစ်လမ်းလုံးသီချင်းလေးတညည်းညည်းနဲ့ပေါ့လေ၊အိမ်ရောက်ရင် ပုဇွန်နဲ့ချဉ်ပေါင်နဲ့ချက်မယ်။

ဘာပြီးရင်ဘာလုပ်မယ်အစီအစဉ်လေးတွေဆွဲလို့ ဒီလိုနေ့မျိုးကလည်း ရတောင့်ရခဲနေ့မျိုးကိုး အလုပ်မှာကစောစောအိမ်ပြန်ရတယ်လို့မရှိဘူး။

နောက်ကျမှအိမ်ပြန်ရတာကများတယ်၊အလုပ်ချိန်စိအောင်လုပ်ရင် လုပ်ရ သို့မဟုတ်ရင်အလုပ်ချိန်ထက် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့်နောက်ကျပြီးမှ

အိမ်ပြန်ရတဲ့အခါများတယ်။

အလုပ်ရှင်သူဌေးကလည်း တရုတ်ပေသီးဗျ တစ်ခါတစ်လေ ကိုယ်ကအိမ်ပြန်ချိန်ရောက်လို့ အလုပ်ကလက်စသတ်ပြီးနေပြီ သူကဒီအချိန်မှအရေးကောင်းတုန်း

ကျနော်တို့မြန်မာတွေမှာကလည်း အစဉ်အလာတစ်လိုဖြစ်နေတာရှိတယ် ဒါဘာလဲဆို အားနာတတ်လွန်းတာ၊ရှက်တတ်လွန်းတာ ကိုယ်ကအိမ်ပြန်ချင်နေပြီ

သူဌေးကမပြန်သေးဘူး ဒီတော့ကာ သူဌေးအရင်ကိုယ်ပြန်နှင့်ရမှာကို ရှက်သလိုလို၊ အားနာမိသလိုလိုနဲ့ သူဌေးပြန်တဲ့ထိလုပ်ပေးရတဲ့ခါတွေလည်းရှိတာပေါ့လေ။

တစ်ခါတစ်လေများဆို သူဌေးကိုအခန်းပြင်ဆွဲထုတ်ပြီး အိမ်ပြန်သေးဘူးလား အိမ်ပြန်ချိန်ရောက်ပြီလို့ မေးပြစ်ချင်လောက်အောင်ဖြစ်တယ်။

ဟုတ်တယ်လေဗျာ ကိုယ့်မှာက အိမ်ပြန်ရောက်မှ ချက်ရ၊ပြုတ်ရ၊ရေချိုး၊အ၀တ်လျှော်၊မီးပူထိုးနှင့်ဘုရားရှင်ခိုးချိန်ဆိုတာမနည်းလုယူရတယ်။

သူတို့ကတော့ဆိုင်တစ်ဆိုင်ဝင်ထိုင်လိုက်ရုံပဲ ဒီနိုင်ငံက တရုတ်တော်တော်များများက ၀ယ်စားကြတာများတယ်၊ချက်စားလေ့မရှိကြဘူး။

ကိုယ်တွေဒီလိုဝယ်စားကြည့်ပါလား ကုလားခတ်တဲ့ရေ ကုလားခြေဆေးတာနဲ့တင်လောက်မှာမဟုတ်။
************************************@********

အဟဲ ပြောရင်းနဲ့ဆိုလိုရင်းတွေတောင် လွဲကုန်ပြီ ကျနော်တွေးဖြစ်သွားတာလေးပါ။

ကျနော်တို့တွေ အိမ်ပြန်ချိန်ဆို ရောက်မလာသေးခင်မှာလည်းမျှော်လင့်တမ်းတမိသလို ရောက်လာချိန်မှာလည်းပျော်ကြတယ်။

ကျနော်တို့လို အသိဥာဏ်ရှိတဲ့ လူသားတွေတင် ပျော်နေတတ်ကြတာမဟုတ်ပဲ တိရိစ္ဆာန်လေးတွေပါသူတို့တွေရဲ့အိပ်တန်းပြန်ချိန်ဆို

တွတ်တီးတွတ်တာ တကျိကျိနဲ့ပျော်နေတတ်ကြတယ်။ ကြက်ကလေးတွေ၊ငှက်ကလေးတွေ အစရှိသဖြင့်ပေါ့လေ နေညိုချိန်ရောက်ပြီဆိုတာနဲ့

အုပ်စုလိုက်၊အသင်းလိုက် တစ်ကောင်နဲ့တစ်ကောင်တကျိကျိ တွတ်ထိုးရင်ပျော်နေကြတယ်ဆိုတာ မြင်ရုံနဲ့သိနိုင်တယ်။

ဒီလိုပါပဲကျနော်တို့လူသားတွေ ခလေး၊လူငယ်၊လူလတ်၊လူကြီးသူ့အရွယ်နဲ့သူ လုပ်းငန်းခွင်၊ဌာန၊နေရာ။ဒေသ အသီးသီးကနေ အိမ်ပြန်ချိန်ရောက်ပြီဆိုတာနှင့်

ပျော်နေတတ်ကြတယ်။ နေရာ၊ဒေသ၊ဌာန၊လုပ်ငန်းခွင်တွေ မတူညီကျသလို ကျနော်တို့တွေရဲ့အိမ်ပြန်ချိန်တွေဟာလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီဘူး။

စောစောအိမ်ပြန်သွားရတဲ့လူတွေရှိသလို နောက်ကျမှပြန်ရတဲ့သူတွေလည်းရှိတယ်။

ကျနော်ပြောဖြစ်နေတဲ့စကားလေးရှိတယ် လုပ်ငန်းခွင်မှာ အဆင်မပြေတဲ့ခါပဲဖြစ်ဖြစ်၊အခြားသူတစ်ယောက် တစ်ဖက်လူနဲ့အဆင်မပြေဖြစ်ကြတဲ့ခါပဲဖြစ်ဖြစ်

သည်းခံပါဗျာ အချိန်တန်ရင်တော့ ကိုယ့်အထုပ်ကိုဆွဲလို့ အိမ်ပြန်ကြရမှာ ကျနော်ဘာရယ်မဟုတ်ပြောဖြစ်နေတဲ့ လက်သုံးစကား ကျနော်ဒီစကားရဲ့

အဓိပ္ပာယ်ကို လေးလေးနက်နက်တွေးပြီး ဖော်ကြည့်ဖြစ်တယ်၊ တကယ်တမ်းလည်း ကျနော်တို့တွေရဲ့ အိမ်ပြန်ချိန်မှာ ကိုယ့်အထုပ်ကိုဆွဲလို့ပြန်ခဲ့ရတာချည်းပါပဲ။

ဒီတော့ ကျနော်တို့တွေရဲ့ ဘ၀နေ၀င်ချိန်မှာရော စိတ်လက်ပျော်ရွှင်စွါနဲ့  ဘယ်လိုအထုပ်မျိုးကိုဆွဲပြီးအိမ်ပြန်ကြမလဲ?…………..

(၁) ဒါနအထုပ်လား?………

(၂) သီလအထုပ်လား?……..

(၃)ဘာဝနာအထုပ်လား?…………..

လားပေါင်းများစွါနဲ့ ဘာအထုပ်မှ မဆွဲလိုက်ရဘဲ ဖြတ်သန်းနေတုန်း အိမ်ပြန်ချိန် အကြွေစောရင်ဖြင့်…………………………………။

တွေးဖြစ်သွားတာလေးပါခင်ဗျာ.။

မိမိပြုသော   ကောင်းသော၊ဆိုးသောအမူ့သည် မိမိ၏သမိုင်းသာဖြစ်သည်။

ခိုင်နုငယ်(၇.၅.၂၀၁၀)ည ၁၁း၃၀

ရွှေစည်းခုံ မွန်ကျောက်စာ


“အလုံးစုံသော ကာယ ဝဇီ.မနော.ဒုစရိုက် အညစ်အကြေးကို စင်ကြယ်သော သီလတည်းဟူသော ရေစင်ဖြင့် ဆေးကြောလတ္တံ ….

ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပစ်လတ္တံ ….

စိတ်နှလုံးပူဆွေးသူတို့၏ နှပ်ရည်ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ် လတ္တံ …..

လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်းမုန့်ပေးလတ္တံ …..

လက်ဝဲလက်ဖြင့် ပြည်သူအပေါင်းအား ပစ္စည်း၊ ဥစ္စာ၊ အဝတ်ပုဆိုးပေးလတ္တံ ….”

(မြန်မာသက္ကရာဇ် ၄ဝ၂ခုနှစ် ကျန်စစ်သားမင်းကြီး ရေးထိုးလှူဒါန်းခဲ့သော ရွှေစည်းခုံ မွန်ကျောက်စာမှ)