လက်ထပ်ခြင်းအနုပညာ


သီတင်းလည်းကျွတ်ပြီ။ ရေးချင်တာတွေက အများကြီး။ လက်တွေ့မှာတော့ ဘာမှမရေးနိုင်။ စိတ်ကူးထဲမှာ ရေးနေတာကတော့ ပို့စ်တွေက မရေတွက်နိုင်တော့ဘူး။ ရေးစရာ အကြွေးတွေကလည်း မနည်းမနော….

အခုလည်း သီတင်းကျွတ်အတွက် သီးသန့်ရေးမယ်လို့စဉ်းစားထားပေမယ့် တစ်ကယ်တော့ မရေးနိုင်ခဲ့ဘူး။ ဒီတော့ မနှစ်က တင်ထားတဲ့ ပို့စ်လေးပဲ ပြန်တင်ပေးလိုက်တယ်။ မဖတ်ရသေးတဲ့ သူတွေ ပြန်ဖတ်နိုင်အောင်လို့ပါ။

———————————

အပြောကျယ်တဲ့ လောကအလယ်မှာ သူသူငါငါ သွားလာလှုပ်ရှားရင်း မောပန်းတဲ့အခါ ဘယ်အရိပ်မှာခိုလို့ ဘယ်လိုအားအင် တွေယူရမှာလဲ။ လောကရဲ့ အခက်အခဲ ကျော်ဖြတ်ရတဲ့အခါ တစ်ဦးတည်း တစ်ယောက်တည်း ကျော်ဖြတ်ရသည်ထက် အဖော်မွန် တစ်ယောက်နှင့်အတူ ကျော်ဖြတ်ရသည်က လူဘ၀တစ်ခုအတွက် ပိုလို့ အားအင်တွေတိုးပွားစေသည်လို့  ကျွန်တော်ကတော့ ယုံကြည်မိသည်။

တစ်ယောက်တည်းနေလို့ အခက်အခဲ အပူအပင်တွေ လျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။ နှစ်ယောက် အတူတူနေလို့ လည်း အခက်အခဲ အပူအပင်တွေ လျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။ လူရယ်လို့ ဖြစ်လာကတည်းက အခက်အခဲ၊ အပူအပင်တွေက ပါလာစမြဲ၊ ရှိစမြဲ ပါပဲ။ ဘယ်နေရာမှာနေနေ၊ ဘယ်သူနဲ့ နေနေ အပူမဲ့စွာ မနေရပါဘူး။ ဒါပေမယ့် အရေးကြုံလို့  အနားလှည့်ကြည့်တဲ့အခါ နားလည်စွာကိုယ့်လက်ကိုဆုပ်ကိုင်ရင်း အားအင်တွေ ပေးမည့်သူရှိတော့ ပင်ပန်းသမျှ အမောပြေသလို၊ ရှေ့  လျှောက်ရမယ့်ခရီးလမ်း အတွက်လည်း အားအင်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ကတော့ယုံကြည်မိသည်။

ဒီအခက်အခဲ ဒီအပူတွေ ဘယ်ရင်မှာ နားခိုပြီးဖြေသိမ့်ရမလဲလို့  – မေးလာခဲ့ရင် သေချာစွာဖြေဆိုနိုင်သူတွေရှိသလို၊ ယောင်ယောင်ဝါးဝါးနဲ့  ပြေးရှောင် သွားတာတွေလည်း မနည်းလှပါဘူး။ ဒီရင်မှာခိုလို့ ၊ဒီအရပ်မှာပျော်မယ်လို့ အသေအချာပြောနိုင်ရင် အဲဒီလူ့ မှာ မျှော်လင့်ချက် တစ်ခုတော့ရှိရမယ်။ ဒီမျှော်လင့်ချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့လွန်းလို့ ၊ သိမ်မွေ့ လွန်းလို့ - ယုယဖို့ သေချာဖို့  နေ့ ရက်များစွာ ရှင်သန်နိုင်စေဖို့  နေရာတစ်ခုမှာ ကျွန်တော်ပြုစုပျိုးထောင်ရပါတယ်။ အဲဒီနေရာလေးကို “အိမ်” လို့ ခေါ်ပါတယ်။

.

.

.

လောကမှာ ကျောချစရာ နားခိုဖို့ ရာ အများသားဆိုပေမယ့် ဘ၀တစ်ခု တည်ငြိမ်မှုအတွက် ခိုင်မြဲမှုကိုပေးနိုင်တာ “အိမ်” ဆိုတာပါပဲ။

အိမ်ရယ်လို့ ဖြစ်လာဖို့  အဆောက်အဦးတည်ဆောက်မှုအပြီးမှာ ချစ်ခြင်းမေတ္တာဖြင့် လွမ်းခြုံပေးမှ “အိမ်” ရယ်လို့ သတ်မှတ်လို့ ရတာပါ။ ချစ်ခြင်းမေတ္တာ မလွှမ်းခြုံနိုင်သမျှ သာမန်အဆောက်အဦးမျှသာလို့  လောက၀န်းကျင်မှာ သတ်မှတ်ထားတာပါ။ ဒီလိုနဲ့ ပဲ ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့  အိမ်ယာတစ်ခု တည်ထောင်ကြတော့မှာပေါ့။

.

.

.

ဘယ်သူနဲ့  လဲ လို့ မေးလာခဲ့ရင်
. . . . .စိတ်တူ၊ကိုယ်တူချစ်တဲ့သူနဲ့ ပေါ့။

.

.

.

ကျွန်တော်ချစ်သောသူအတွက် ရည်ရွယ်ပြီး မျှော်လင့်ချက်များစွာ၊ တည်ဆောက်ခြင်းများစွာနှင့် ဒီစာကို ရေးခဲ့ပါတယ်။

……………………………………..

သီတင်းကျွတ်ပြီဆိုတော့ . . .
မင်္ဂလာရက်မြတ်လက်ထက်မည့်သူတွေ ပျော်ရွှင်နိုင်ပါစေ..

Advertisements

ရာသီစက်ဝန်း


Leasson of Season
Lesson of Season

ဟိုးတုန်းက လူတစ်ယောက်မှာ သားလေးယောက်ရှိတယ်။ သူ့မှာ ဆန္ဒတစ်ခုရှိတယ်။ အဲဒီဆန္ဒကတော့ သူ့သား လေးယောက်ကို အရာရာမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေချင်တယ်။ အကြောင်းအရာတခုခုကို တစ်ခဏအတွင်းကြည့်ပြီးဆုံးတာမျိုးမလိုချင်ဘူး။

ဒီလိုနဲ့ တစ်နေ့တော့ သားလေးယောက်ကို ခေါ်ပြီး ပြောတယ်။ ဟိုးတောထဲမှာရှိတဲ့ သစ်တော်သီးပင်ကိုသွားကြည့်ခိုင်းပြီး ဘာတွေတွေ့ခဲ့တယ်ဆိုတာကို ပြန်ပြောခိုင်းတယ်။

ပထမသားက ဆောင်းရာသီမှာ အဲဒီသစ်တော်သီးပင်ကို သွားကြည့်ခဲ့တယ်။ ဒုတိယသားက နွေဦးရာသီမှာ သွားခဲ့တယ်။ တတိယသားက နွေရာသီမှာ သွားခဲ့ပြီး စတုတ္ထသားကတော့ ဆောင်းဦးရာသီမှာ သွားခဲ့တယ်။

အားလုံးပြန်ရောက်လာတဲ့အချိန်မှာ ဖခင်ဖြစ်သူက ဘာတွေတွေ့ခဲ့သလဲလို့မေးတော့ –

ပထမသားက- သစ်ပင်တွေက ကြည့်ရတာ အရမ်းဆိုးတယ်။ တစ်ပင်လုံး အရွက်မရှိ၊ ရိုးသံကျဲကျဲ နဲ့ ကောက်ကွေးနေတယ်။

ဒုတိယသားက- မဟုတ်ဘူး။ သစ်ပင်တပင်လုံး အစိမ်းရောင်အဖူးအခက်တွေနဲ့ ပြည့်နေတယ်။

တတိယသားက အပေါ်ကသားနှစ်ယောက်ပြောတာကိုသဘောမတူဘူး။ သူကြုံခဲ့ရတာက ပန်းတွေပွင့်နေပြီး ပန်းရနံ့တွေ မွေးကြိုင်းနေတဲ့အချိန် ဖြစ်တယ်။ သူတစ်ခါမှ မမြင်ဖူးသေးတဲ့ အလှအပဆုံးအချိန်ပဲလို့ ပြောခဲ့တယ်။

သားအငယ်ဆုံးကတော့ အစ်ကိုသုံးယောက်ပြောခဲ့တာကို ငြင်းပြန်တယ်။ သစ်သီးတွေမှည့်ပြီး မြေပြင်ပေါ်ကို ကြွေကျနေတယ်။ မြေပြင်တခုလုံး သစ်သီးအကြွေတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြန်ပြောပြတယ်။

အဲဒီတော့ ဖခင်ဖြစ်သူက ရှင်းပြတယ်။ သူတို့လေးယောက်စလုံးပြောခဲ့တာတွေက အမှန်တွေပဲ။ ဒါပေမယ့် ဘာလို့မတူညီရတာလဲဆိုတာက သူတို့လေးယောက်က မတူညီတဲ့ အချိန်ကာလတခုစီမှာ သွားရောက်ခဲ့ကြလို့ဖြစ်တယ်လို့ ရှင်းပြတယ်။ သူတို့တွေရောက်သွားချိန်မှာ ရာသီတစ်ခုရဲ့ ကာလအပိုင်းအခြားတစ်ခုကို မြင်တွေ့ခဲ့လို့ပေါ့။

ဖခင်ဖြစ်သူက ဆက်ပြောတယ်။ သစ်ပင်တစ်ပင် သို့မဟုတ် လူတစ်ယောက် ကို အချိန်ကာလတစ်ခုတည်းမှာ ကြည့်ပြီးမဆုံးဖြတ်လိုက်ပါနဲ့။ သူတို့ရဲ့အရည်းအချင်းအစွမ်းအစ အကြောင်းအရာ တွေကိုတစ်ခဏတာနဲ့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို သေချာသိလိုက်မှမဟုတ်ဘူး။ ဒါကြောင့် အရာရာကို အချိန်အခါနဲ့ ဝေဖန်ပိုင်းခြားနိုင်ဖို့ အရေးကြီးတယ်။ ဆောင်းရာသီမှာ အရူံးပေးလိုက်ပြီဆိုရင် နွေဦးရာသီ၊ နွေရာသီနဲ့ ဆောင်းဦးရာသီမှာ ရလာမယ့် အခွင့်အရေးအားလုံးကို လက်လွှတ်ဆုံးရူံးလိုက်ရပြီလို့ ရှင်းလင်းပြောပြလိုက်ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

++++++++++++++++++++++++++++++

ဒါကြောင့်ကျွန်တော်တို့တစ်တွေလည်း အချိန်ကာလာတခုမှာ ရရှိခဲ့တဲ့ နာကျင်ခံစားမှု့ကို အမြဲတမ်း အမှတ်ရခံစားနေမယ်ဆိုရင် နောင်ကြုံတွေလာမယ် ပျော်ရွှင်ဖွယ်အချိန်တွေကို လက်လွှတ်ဆုံးရူံးလိုက်ရပါမယ်။ ဘ၀တစ်ခုကို အမြဲ ခက်ခဲတဲ့ အရာတွေနဲ့ နှိုင်းယှဉ် ဝေဖန်မနေပါနဲ့။ ခက်ခဲတဲ့ အချိန်တွေကုန်ဆုံးသွားရင် လွယ်ကူတဲ့ အချိန်ဆိုတာ တစ်နေရာမှာ စောင့်ဆိုင်းနေပါတယ်။

ရှေ့ကိုမျှော်ကြည့်လိုက်ပါ။ မှောင်မိုက်တဲ့ ညဥ့်နက်ကို လွန်မြောက်သွားရင် အာရုဏ်ဦးအလင်းရောင်ကို မသွေမလွဲတွေ့ရမှာပါ။ ရူံးနိုမ့်မှုတစ်ခုနဲ့ ဘ၀တစ်ခုလုံးကို မနစ်မြုတ်ပါစေနဲ့။ ရှုံးနိုမ့်မှုရဲ့ အဆုံးဟာ အောင်မြင်မှုတစ်ခုရဲ့လမ်းစပါပဲ။

Lesson of Season ကိုဘာသာပြန်ဆိုသည်။

How To Reduce Stress?


How To Reduce Stress with the SPARKLE Formula?

How To Reduce Stress with the SPARKLE Formula.

S – Sleep well.
* Your bed is for sleeping, reading and intimacy.
* When your head hits the pillow, it’s time to sleep, not think
* Your bed should NOT be for: watching television, balancing your checkbook, planning the next day, arguing with your spouse, checking your e-mail, or making phone calls.
* When in bed, books are OK, laptops are not.

P – Plan every day.
* Create a to-do list every morning. This gives you a) a roadmap of what you need to do at the beginning of the day, b) a reminder of what still needs to be done throughout the day and c) a place to check off your accomplishments at the end of the day

A – Anticipate less.
* Recognize the false assumptions you make that lead to anxiety. Will things really turn out to be as bad as you think? Probably not.
* When you look to the future, visualize success rather than failure. After all, you really don’t know which it will be. So why not expect the best?

R – Relax.
* Breath deeply when you feel stressed. Get up and change your environment, if only for a short time.
* Go for a walk at lunch.
* Relaxation means taking a break from what you were doing, not just “vegging out.” For instance, watching television isn’t always relaxing; it can be dumbing and dulling. Find activities that calm your body and stimulate your mind.
* Create a time for your own kind of meditation. Find a quiet space and a quiet time that’s just for you.

K – Keep Anger under control.
* Be empathetic and forgiving to others when they make mistakes. Like you, they’re trying to do their best.
* Learn to give constructive feedback rather than destructive criticism.
* When someone makes you angry, remember that you have a choice in how you react. Instead of yelling at that bad driver who cut you off, do a running play-by-play on his erratic driving techniques. It’s more fun.

L – Laugh.
* Use positive affirmations to keep yourself on track.
* Affirmations should use the 4 P’s; personal, positive, passionate and present. For instance, “I am a confident and successful manager who always runs an amazing team.”
* Find time to share a joke. Laugh at the curves life throws at you rather than fretting over them.

E – Eat Well and Exercise.
* Your body needs to be a well-tuned machine to manage all of the stresses that act on it.
* Avoid eating packaged snacks – anything that comes in a wrapper or plastic bag. Try natural fruit instead.
* Add more colored vegetables to your meals.
* Reduce caffeine in your diet. It’s a stimulant and can exacerbate physical symptoms of stress that you may already have. Choose water instead.
* Avoid the escalator or elevator and take the stairs.
* Find opportunities to go for a walk. Ideally, get exercise that causes you to sweat for twenty minutes at least three times per week.

(Post on 11:51 pm)

နားထိုင်း (၃) ယောက်


မနက်အလုပ်သွားတိုင်း တရားနာလေ့ရှိသော ကျွန်တော်၊ ဒီနေ့မနက် နာခဲ့တဲ့ တရားထဲမှာ ပုံပြင်လေးတပုဒ်ကို ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ။ တရားဟောတဲ့ ဆရာတော်က ကျွန်တော်အလွန်ကြည်ညိုတဲ့ ကြာနီကန်ဆရာတော် ဦးဇဋိလ ဖြစ်ပါတယ်။ ဒီတရားနာလို့ရအောင် ရန်ကုန်မှ တကူးတက ပို့ပေးလိုက်သော သူငယ်ချင်း မိုးကြာ (ခ) မိုးထက်အိမ် (ခ) စန္ဒာ ကိုလည် ကျေးဇူးအထူးတင်ရှိပါကြောင်း…. (ပြောဖို့မေ့ကျန်ခဲ့တာ… ဒီတရားခွေနဲ့ အဘိဓာန်စာအုပ်ကို အလေးခံပြီး သယ်လာပေးတဲ့ သမီးလေးကြယ်စင် ကိုလည်း ကျေးဇူးပါလို့… )

ဟိုးတရံရောအခါက ရွာတရွာမှာ နားထိုင်း (၃) ယောက်ရှိသတဲ့။ ဆိတ်ကျောင်းတဲ့နားထိုင်း၊ ထန်းတက်တဲ့ နားထိုင်း နဲ့ သူကြီးနားထိုင်းတို့ ဖြစ်ကြတယ်။

တစ်နေ့တော့ ဆိတ်ကျောင်းတဲ့ နားထိုင်းဟာ ရွာပြင်စားကျက်မှာ သူ့ ဆိတ်တွေကို ကျောင်းနေသတဲ့။ သူကတော့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင်း အိပ်ပျော်သွားတယ်။ တော်တော်ကြာလို့ အိပ်ရာနိုးလာတဲ့ အချိန်ကျတော့ သူဆိတ်တွေကို မတွေ့တော့ဘူး။ အမှန်တော့ ဆိတ်တွေက သူအိပ်ပျော်နေတုန်း တစ်ခြားနေရာကို စားကျက်ကျွံသွားတာ။ ဆိတ်ကျောင်းသားနားထိုင်းက လိုက်ရှာပေမယ့်မတွေ့ဘူး။

သူစဉ်းစားတယ်.. “ငါဒီအတိုင်းလိုက်ရှာနေလို့တော့ တွေ့မှာမဟုတ်ဘူး။ ဟိုမှာ ထန်းတက်နေတဲ့ သူကိုမေးရင်တော့ သူက အပေါ်စီးကနေဆိုတော့ ငါ့ဆိတ်တွေကို တွေ့မှာပဲ။” ဆိုပီး ထန်းတက်နေတဲ့လူရှိရာ ထန်းပင်အောက်ကို သွားပြီး…“ဗျို့… ထန်းပင်ပေါ်က နောင်ကြီး… ကျုပ်ဆိတ်အုပ် ကလေးများမတွေ့မိဘူးလားဗျ” လို့ အောက်ကနေလှမ်းမေးလိုက်တယ်။

ထန်းတက်တဲ့သူကလည်း နားထိုင်းဆိုတော့ ကြားချင်ရာကြားတယ်။ ပြန်ပြောလိုက်တာက “ ဟောဒီတစ်ဝိုက်မှာ ရှိတဲ့ ထန်းပင်တွေက ကျုပ်ယောက္ခင်္မ ပိုင်တဲ့ ထန်းခင်း၊ ကျုပ်ထန်းခင်းပေါ့ဗျ” လို့ ထန်းပင်တွေရှိရာကို လက်နဲ့ညွှန်ပြရင်း ပြန်ပြောလိုက်တယ်။

ဒီတော့ ဆိတ်ကျောင်းတဲ့ နားထိုင်းကလဲ ကြားချင်ရာကြားပြီး ထန်းတက်နားထိုင်း လက်ညွှန်ပြတဲ့ ဘက်မှာ သူဆိတ်တွေရှိတယ်လို့ ကြားပြီး ထွက်သွားတယ်။ ကံအားလျော်စွာပဲ သူ့ဆိတ်အုပ်ကို ပြန်တွေ့တယ်။

ဒီတော့ သူစဉ်းစားတယ်.. “ထန်းတက်တဲ့ နောင်ကြီးကြောင့် ငါ့ဆိတ်အုပ် ပြန်တွေ့တာ… ကျေးဇူးဆပ်မှပဲ“ ဆိုပြီး သူ့ဆိတ်အုပ်ထဲက ဆိတ်ကျိုး(ခြေထောက်ကျိုး)လေးတစ်ကောင်ကို ပွေ့ပြီးတော့ ခုန ထန်းတက် နားထိုင်းရှိရာကို သွားပြီး.. “ဗျို့… ထန်းပင်ပေါ်ကနောင်ကြီး… ဆင်းခဲ့ပါဦးဗျ။ ခင်ဗျား ကျေးဇူးကြောင့် ကျုပ်ဆိတ်အုပ်ပြန်တွေ့တာ၊ ကျေးဇူးဆပ်မလို့၊ အောက်ဆင်းလာပြီး ဒီဆိတ်ကျိုးလေးကို လက်ခံပါဗျ။”

ဒီတော့ ထန်းတက်နားထိုင်းက “ဟာ… ခင်ဗျားဆိတ်ကို ကျုပ်ခွေးမကိုက်ဘူး။ ကျုပ်ခွေးထန်းပင်အောက်မှာ အိပ်နေတာ။”

ဆိတ်ကျောင်းတဲ့ နားထိုင်းက “ဆင်းခဲ့ပါဗျ။ ကျေးဇူးဆပ်ချင်လွန်းလို့ပါ။ ဆင်းခဲ့ပါဆို”

“ခင်ဗျားဆိတ် သူ့ဘာသာသူ ကျိုးတာ ကျုပ်ခွေးကို လာပြီးစွတ်မစွဲနဲ့”

“ ကျေးဇူးဆပ်ချင်လို့ပါ..ဆင်းခဲ့ပါဗျ”

ကြာလာတော့ ထန်းတက်တဲ့ နားထိုင်းက ဒေါသထွက်လာပြီး ဆင်းလာတယ်။ အောက်ရောက်တော့ ငြင်းရင်း ငြင်းရင်းနဲ့ ထသတ်ကြရော… နောက်တော့ ရွာသူကြီးဆီ ရောက်ကြတယ်။

ရွာသူကြီးကလည်း နားထိုင်း။ လောလောလတ်လတ် သူ့မိန်းမနဲ့ ရန်ဖြစ်ထားပြီး သူ့မိန်းမက အိပ်ပေါ်က ဆင်းသွားတာ မကြာသေးဘူး။

သူ့အိမ်ရှေ့မှာ ဆူညံဆူညံနဲ့ ဖြစ်နေတော့ အထဲကိုခေါ်ပြီးမေးတယ်။ ဟို နားထိုင်း နှစ်ယောက်လည်း သူ့တို့အကြောင်း သူတို့ပြောပြတယ်။

ဆိတ်ကျောင်းတဲ့ နားထိုင်းက “ဒီလိုပါ သူကြီးရယ်၊ ကျုပ်ဆိတ်အုပ်လေးပျောက်လို့ သူ့ကိုမေးတယ်။ သူပြောတဲ့ နေရာမှာသွားရှာတော့ တွေ့လို့ သူ့ကိုဆိတ်ကျိုးလေးတစ်ကောင်ပေးပြီး ကျေးဇူးဆပ်တာ လက်မခံဘူးဖြစ်နေတယ်။ ကူပြောပေးပါဦးဗျာ။“

ထန်းတက်တဲ့ နားထိုင်းက “ သူ့ဆိတ် ကျုပ်ခွေးမကိုက်ဘူး၊ ကျုပ်ခွေး ထန်းပင်အောက်မှာအိပ်နေတာ”

ဒီတော့သူကြီးနားထိုင်းက ကြားချင်ရာကြားပြီး… “ဟေ့….မင်းတို့ ဘယ်လိုပြောပြော ဒီမိန်းမ ပြန်မပေါင်းဘူးကွ”

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ လောကကြီးမှာ ကိုယ်ပြောချင်ရာပြော၊ ကြားတဲ့သူတွေကလည်း ကြားချင်ရာကြား၊ အားလုံးက ကိုယ်ထင်တာကိုယ်မှန်နေကြတာပဲ။ အကြောင်းမသိတဲ့သူတွေကလည်း ကိုယ်ထင်ချင်ရာထင်ပြီး ကိုယ်ထင်သလို ဆုံးဖြတ်နေကြတာ။ ဒါကြောင့် တခါတလေ မှာ ရှင်းပြလို့မရအမှန်တရားတွေက အများထင်တဲ့ အမှားတွေရဲ့ ဖုံးလွှမ်းခြင်းကိုခံရပြီး လျို့ဝှက်ချက်တခုအနေနဲ့ပဲ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကြတယ်။

Chatter (ချက်တာ) နှင့် Blogger (ဘလော့ဂါ)


ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger(ဘလော့ဂါ) တို့ရဲ့အဓိပ္ပါယ်ကို အရင် ဆုံး ရှင်းဖို့လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ Mirc,Gtalk, Skype,vzochar စတဲ့ Chatting Softwaer တွေကို သုံးပြီး မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Intenet သုံးတဲ့အချိန်တွေထဲက အများစုကို Blog (web log) လို့ခေါ်တဲ့ online Diary လေးတွေ ရေးသားကြတဲ့နေရာမှာအသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ chatter (ချက်တာ) တယောက်နဲ့ Blogger (ဘလော့ဂါ) တယောက်ရဲ့စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေ သူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီးဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေကျင်လည်ကျက်စားတဲ့ Chatting website တွေရဲ့သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့သဘောသဘာဝတို့ကို ကျနော်တို့အနေနဲ့အရင်ဆုံးသိထားဖို့လိုပါလိမ့်မယ်။ Chatter တွေရဲ့ကျင်လည်ရာပတ် ၀န်းကျင်လို့ ပြောလို့ရတဲ့ Chatting website တွေရဲ့အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။

Chatter အများစုရဲ့အဓိကကျင်လည်ရာဟာ mIRC ပါလို့ပြောလို့ရပါတယ်။ mIRC ထဲမှာမှမြန်မာတွေ အသုံးအများဆုံးကတော့ ygn chat ဆိုတဲ့ chat room(ချက်ရွမ်း) ပဲဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကိုသုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တခုကို ကိုယ်ရဲ့စကားဝှက် (password) တခုနဲ့တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter များစွာနဲ့ ကြိုက်သလိုစကားပြော လို့ရသွားပါတယ်။ သူကလည်းသူ့ nick နဲ့ဝင်၊ ကိုယ်ကလည်း ကိုယ့် nick နဲ့ဝင်၊ တယောက်အကြောင်းလည်းတယောက်မသိ၊ တယောက် ကိုတယောက်လည်း မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်ကတာဝန်ယူစရာမလိုပါဘူး။ mIRC အသုံးများတဲ့ chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက် လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကိုရှက်တဲ့ ကြောက်တဲ့စိတ်တွေလည်းခေါင်းပါးလာပါတယ်။ အစစအရာရာကို ပေါ့ ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီးတာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ် ပါတယ်။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

Blogger (ဘလော့ဂါ) တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ http://www.blogger. com မှာ gmail account ကိုသုံးပြီး Blog (ဘလော့ဂ်) တခုကိုတည်ဆောက်ရယူနိုင်ပါတယ်။ Blog တခုဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တခုလုပ် ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာသေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါးပြောနိုင်တဲ့ နေရာတခုမဟုတ်ပါဘူး။ ဘလော့ဂ်တယောက်ရဲ့ပတ်ဝန်းကျင်မှာ ချက်တာတယောက်ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အာလာပသလ္လာပ အရည်မရအဖတ်မရ စကားလုံးတွေမရှိပါဘူး။ ဘလော့ဂါတယောက်ရဲ့ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်း တွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ဓါတ်ပုံလေးတွေ၊သူရဲ့ဘ၀အတွေ့ အကြုံလေးတွေကိုမျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ဘလောဂ့်မှာ သူတို့ရဲ့အထ္ထုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံစတာတွေကို အမှန်အတိုင်းကိုဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင် ထားကြတာဟာ သူတို့ဒီစာမျက်နှာတွေပေါ်မှာတင်လိုက်တဲ့စာ၊ဓါတ်ပုံ၊ ပန်းချီစတာတွေအတွက် သူတို့အပြည့်အ၀တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်တွေရဲ့စာမျက်နှာတွေပေါ်မှာလိမ်တာ၊ညာတာတွေ သိပ်မပါပါဘူး ရိုင်းစိုင်းကြမ်းတမ်း တာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာတာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ် ကြောင့် လက်လွတ်စပယ်မလုပ်တတ်ကြတာကို တွေ့ရပါတယ်။

နောက်ပြီးဘလော့ဂါတွေရဲ့ဘလောဂ့်တွေကိုလေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာတခုခုကို လိုက်ပြီးပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကိုစိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကိုမျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင် တတ်ပါတယ်။ သုတလိုင်းဘက်ကိုစိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကိုအမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတယောက်ဖြစ်လာတဲ့ သူရဲ့ရည်ရွယ်ချက်ဟာ ချက်တာ တယောက်ရဲ့ mIRC ထဲမှာကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေစကားပြောမယ်… ပြီရင် vzochat လေးသုံးပြီး webcam လေးနဲ့မျက်နှာလေးပါကြည့်လိုက်မယ်၊အဆင်ပြေရင်အပြင်မှာချိန်းတွေ့ကြမယ်… ဆိုတဲ့ရည်ရွယ်ချက်ထက် နည်းနည်းလောက် တော့ မြင့်သွားတယ်ဆိုတာ သိပ်ကိုသေချာပါတယ်။

နောက်တခုက အားစိုက်ထုတ်ရမှုအပိုင်းပါ။ ချက်တာတယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်။ ဘလော့ဂါတယောက်ဖြစ်လာဖို့ ကတော့ စစချင်းမှာလုံလောက်တဲ့အားတခု စိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်းစဉ်ဆက်မပြတ်တဲ့အားစိုက်ထုတ်မှုတခုကို ဆက်လုပ် ပေးနေဖို့လိုပါတယ်။ လုပ်ချင်စိတ်တခုနဲ့ အားတခုစိုက်ထုတ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ချက်တာတယောက်ရဲ့ အဆင့် ထက် အများကြီးပိုမြင့်တဲ့နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လိုရိုက်လို့ရပေမယ့်ဘလော့ဂ်တွေထဲမှာတော့ Buglish နဲ့ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး။ ရှိရင်လည်း ဘယ်သူမှဝင်ဖတ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတယောက်ဟာ သူ့ ဘလော့ဂ်ကိုအင်္ဂလိပ်လိုဖြစ်စေ၊ zawgyi one ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ကျွမ်းကျင်မှုတခုကိုတော့ မဖြစ်မနေရအောင်ယူကြရတာပါပဲ။

နောက်တခုက chatter တယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blgger တယောက် သူ့ရဲ့ဘလော့ဂ်ကိုစွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတယောက်ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ပါးစပ်ဖျားက စကားလုံး တွေပေါ်မှာ သာယာတဲ့ စိတ်ကြောင့်ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ချစ်စဖွယ် သံယောဇဉ် တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန်စကားပြောလို့ရတဲ့ နေရာလေး တခုကို ဖန်တီးထားလို့ရပါတယ်။ အဲဒါလေးကို Cbox လို့ ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုးခေါ်ကြပါတယ်။ နောက် ပြီးကိုယ်တင်လိုက်တဲ့ပို့စ်(post)တိုင်းရဲ့အောက်မှာလည်းစာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်) တွေဝင်ရေးပေးခဲ့လို့ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှု လေး တခုစီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတယောက်ဟာ ဒီနေ့သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွား သလဲ၊ ဘယ်သူတွေကများ ဘာတွေများဝင်ရေးသွားသေးသလဲ စတာတွေကိုဝင်ကြည့်… ကိုယ့်ကိုနှုတ်ဆက်သွားသူတွေကိုလည်း ပြန် နှုတ်ဆက်…စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကိုစွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တနေကုန်တနေခန်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတယောက်က ကိုယ့်ဘလော့ဂ်လေးကို ပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေ အသစ်ထပ်ရေး၊ ကိုယ့်ဆီလာလည်ကြတဲ့ သူငယ်ချင်းတွေကိုပြန်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လည်းအကျိုးမယုတ်၊ သူများအတွက်လည်းအကျိုးရှိစေမယ့် အလုပ်တွေကိုလုပ်နေတာ သေချာ ယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (chatter) တယောက်နဲ့ ဘလော့ဂါ (Blogger) တယောက် အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာ မှန်ပေမယ့်… တကယ်တမ်းအင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေ များစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ chatter တွေပဲ ဖြစ်နေတာကို ၀မ်းနည်းစွာပဲ တွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်ကိုနည်းနေသေးတာကို တွေ့ရပါတယ်။ ကျနော့စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ဆန္ဒကတော့ chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂ် (Blogger) တယောက်ရဲ့ ဘ၀ကိုကူးပြောင်းစေချင်တာပဲ ဖြစ်ပါ တယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger)တယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတယောက်ရဲ့ဘ၀ထက် ပိုမိုပြီးအကျိုးများနိုင်မယ် ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို http://www.google. com က Google search Engine မှာ zawgyi-one Font နဲ့ ရိုက်ထည့်ပြီး ရှာကြည့်လို့ရပါတယ်။

နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကိုညွှန်းရမယ်ဆိုရင်တော့ www. mmblogdirecroryblogspot.com, http://www.myanmarblogsdirectory.blogspot.com,www.myanmarblogdiretory. Blogspot.com, http://www.myanmar-music.com, Myanmar music,blogs. Aspx, စတဲ့ နေရာလေးတွေပဲဖြစ်ပါတယ်။

ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသောဘလော့ဂါ တွေရဲ့ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့လင့်ခ်တွေ ကနေ တဆင့်လည်း သွားရောက်ဖတ်ရနိုင်ပါသေးတယ်။ လူငယ်တွေအားလုံး ချက်တာဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြ ပါစေဗျာ။

နေဘုန်းလတ်

http://www.nayphonelatt.blogspot.com
မိုးဂျာနယ်- အမှတ်(၁၂)အောက်တိုဘာလ-၂၀၀၇

စန္ဒာသူရိယ


မင်္ဂလာပါ ခင်ဗျာ …
စန္ဒာသူရိယ ဘလော့ http://sandarthuriya.wordpress.com ကို ယနေ့ သာသနာနှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ၀ါဆိုလပြည့်နေ့ ၁၅ ရက်၊(ဓမ္မစင်္ကြာအခါတော်နေ့) တနင်္လာနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင်စတင်လွှင့်တင်လိုက်ပါပီ။ လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများနှင့် အပေါင်းအသင်း သူငယ်ချင်းများအားလုံးကို ကျွန်တော် သူရိယ၊ သူငယ်ချင်း စန္ဒာ၊ ညီမငယ် ကြယ်စင် တို့မှ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက် တတ်နိုင်သလောက်လေး ပြုလုပ်ထားတာဖြစ်ပါတယ်။ အလည်ရောက်လာသူ အားလုံး တစ်ခုခု မှတ်သားဖွယ်ရာလေးများ ပြန်လည် သယ်ဆောင် သွားနိုင်ပါစေလို့ မျှော်လင့်လျှက်.. ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

သူရိယ (ခ) ၀င်းဇော်နိုင်
စန္ဒာ
ကြယ်စင်

ကောသလမင်း အိပ်မက် ၁၆ ချက်


မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

——————————————————————————–

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။