တူသော အကျိုး


တစ်ဖက်သားကို
နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင်
ကိုယ့်ကို နွေးနွေးထွေးထွေး
ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။

တစ်ဖက်သားကို
မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင်
ကိုယ့်ကိုယ် မြတ်မြတ်နိုးနိုး
ကြင်နာမယ့်သူ ရောက်လာမှာပါ။

တစ်ဖက်သားကို
ထွေးထွေးပိုက်ပိုက် ယုယတတ်ရင်
ကိုယ်ကို ထွေးထွေးပိုက်ပိုက်
ယုယမယ့်သူ ရှိလာမှာပါ။

တူသော အကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ
ဟန့်တားနိုင်တာ မှတ်လို့….။

Advertisements

စိတ်ညစ်ရင်ရေချိုးပါ။


အခုတလော အလုပ်များတာတွေကော၊ စိတ်ညစ်နေတာတွေကောပေါင်းပြီး ဘလော့ဘက်ကို ခြေဦးမလှည့်နိုင်တာ အတော်ကြာပေါ့။ ဟိုတလောက စန္ဒာသူရိယ ဘလော့က မှာ စန္ဒာတင်ထားတဲ့ အထုံ ဆိုတဲ့ ပို့စ်လေးကို ဖတ်မိပြီး စိတ်ညစ်ရင် ရေချိုးပါ ဆိုတဲ့ ဆရာတော် ရဝေနွယ်(အင်းမ) ရေးထားတဲ့ ဆောင်းပါးကို သတိရလို့ ပြန်ရှာပြီးတင်လိုက်တာပါ… စာဖတ်သူအားလုံးလဲ စိတ်ညစ်ရင် ရေချိုး လိုက်ကြနော်….

———————-

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာ တစ်ခုက သားအဖနှစ်ယောက် လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက “ဘာမှမတော်ဘူးလို့” ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။  နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး “ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။ (ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက်
တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ် ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။

ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။  ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု သန့် ရှင်းအောင် လုပ်ပေးတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။

တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။

ဥပမာ – ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။

စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့
နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ “စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်” နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက “လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်” ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။

စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။  စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့
ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။

တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေးကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။

ရဝေနွယ်၊အင်းမ၊
*ကျမ်းကိုး။*
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။

ဘာတွေဆုံးဖြတ်နေသလဲ


အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက်ဖြစ်လာတယ်။

သတ္တိဆိုတာဟာ လူတစ်ယောက်ရဲ့ သူရဲ့ကိုယ်ပိုင် လွတ်လပ်မှု ရလာဖို့ အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချလိုက်ရတဲ့အခါမှာတင် လိုအပ်တဲ့အရာ မဟုတ်ပါဘူး။

နေ့စဉ်နေ့စဉ် တစ်နာရီပြီး တစ်နာရီ၊ နာရီတိုင်း နာရီတိုင်း တစ်မိနစ်ပြီး တစ်မိနစ် တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ သတ္တိလိုပါတယ်။ အဲဒီချလိုက်တဲ့ ဆုံးဖြတ်ချက်ကလေးတွေကလည်း သူ ဘယ်လိုလူ ဖြစ်လာမယ် ဆိုတာကို အုပ်တစ်ချပ်ချင်းစီပြီးတော့ ပုံဖော်တည်ဆောက်ပေးသွားသလို ဖြစ်နေတယ်။

ကိုယ့်ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေဟာ ကိုယ်ဘယ်လိုလူ ဖြစ်လာမယ်ဆိုတာကို ပုံဖေါ်နေတာပဲ၊ ဖန်တီးနေတာပဲ။ ဆုံးဖြတ်ချက်တွေဟာ အုပ်ချပ်နဲ့တူတယ်။ အဲဒီအုပ်ချပ်ကလေးတွေကို တစ်ချပ်ချင်း စီပြီးဆောက်သွားတဲ့ အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက်ဖြစ်လာတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချတဲ့အခါမှာ လွတ်လပ်တဲ့သူတာဝန်သိတဲ့သူ ဖြစ်လာတယ်။

ငါဘယ်လိုလူဖြစ်လာမလဲဆိုတာ ငါနေ့စဉ် အချိန်တိုင်း အချိန်တိုင်းမှာ ဘာတွေဆုံးဖြတ်နေသလဲ ဆိုတာပေါ်မှာ မှုတည်ပါတယ်။ ဒါကြောင့် ငါရဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ရဲ့လား ဆိုတာကို သေသေချာချာ စဉ်းစားပြီးတော့ လုပ်သင့်ပါတယ်။

အဲဒီလို မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဆိုတာ သတ္တိ အင်မတန်လိုပါတယ်။ လွယ်လွယ်နဲ့ ထွက်ပေါက်ရှာပြီးတော့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေမယ်ဆိုရင် ငါဟာ Wishy-washy လူတစ်ယောက်ပဲဖြစ်လာမယ်။ သတ္တိမရှိတဲ့ ပျော့ညံ့တဲ့သူ၊ ကြောက်ပြီးတော့ ခံယူချက်မရှိတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချနေတဲ့ လူတစ်ယောက်ဖြစ်လာမယ်။ Wishy-washy ဆိုတာ ယောင်တောင် ပေါင်တောင် လူပဲ။ ခံယူချက် ဘာမှမရေရာတဲ့သူပဲ။

ငါဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ငါ အချိန်တိုင်း အချိန်တိုင်းဘာတွေဆုံးဖြတ်နေမလဲဆိုတာပေါ် မှုတည်တယ်။

တကယ်လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ် လူပီသတဲ့ လူသားတစ်ယောက်၊ တကယ် လူဖြစ်ကျိုးနပ်တဲ့ လူသားတစ်ယောက်၊ ကိုယ့်ဘ၀ကို ကိုယ်တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ဆိုရင် အချိန်တိုင်း အချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီး ကိုယ်ဦးတည်ထားတဲ့ ဦးတည်ချက်ကို အထောက်အကူပေးမယ့် ဆုံးဖြတ်ချက်မျိုးကို ချရမယ်။ ကိုယ်ဖြစ်လာရမယ်လို့ မှန်းထားတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့အရေးကို ထိခိုက်သွားမယ့် ဆုံးဖြတ်ချက်မျိုးကို ချမယ်ဆိုရင် သတ္တိမရှိရာကျမယ်။ သစ္စာမရှိရာကျမယ်။

ပစ္စည်းဥစ္စာရဖို့၊ မသင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေမယ်ဆိုရင် သတ္တိမရှိတဲ့လူလို့ ဆိုရတယ်။ နောင်တစ်နည်းအားဖြင့် ဆိုရင်လည်း ကိုယ့်ဘ၀ကို ကိုယ် အမြစ်ကနေ တူးဖြိုနေတဲ့သူ လို့ဆိုရမယ်။

ပတ္တမြားရွှေဂူ


ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်လည်း။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။

(မန်လည်ဆရာတော်)

ကျွန်တော်ကို့ ၉တန်း တုန်းကကဗျာလေး တပုဒ်ပါ။ တခါတလေဘ၀ အမောတွေနဲ့ ကြုံလာတဲ့ အခါတိုင်း ဒီကဗျာ လေးကိုသတိရမိပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေ နဲ့ကြုံနေရတဲ့လောကကြီးမှာ ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ပြုခဲ့တဲ့အအပြု ကောင်းခဲ့တာရှိတယ်၊ မှားခဲ့တာလည်းပါမယ်။ ဒီလိုပဲ ဘယ်လောက်အကာင်းလုပ်လုပ် ကိုယ့်ကို တိုက်ခိုက်တာရှိမယ်။ ကြေနပ်လို့ ချီးကျူးတာရှိမယ်။ အားလုံးကလောကဓံ တရားတွေပါပဲ။ ပြောရရင်တော့ ဘယ်အရာမှမမြဲပါဘူး။

ဒါပေမယ့်လဲ ကျွန်တော်တို့ တွေဟာ လူထဲကလူတွေပဲလေ။ ခံစားတတ်တယ်၊ နာကျဉ်း တတ်တယ်။ ကိလေသာတွေ ကင်းစင်နေတဲ့ ရဟန္တာတွေမှ မဟုတ်ကြတာပဲ။ လောဘ၊ ဒေါသနဲ့ မာန်မာနဆိုတာ ရှိသင့်သလောက်တော့ ရှိနေတာပေါ့။ ဒါပေမယ့်လည်း ဘယ်ကိစ္စမဆို ရန်ကိုရန်ချင်း မတုံ့နှင်းကောင်းဘူးလေ။ အဲ့ဒီအချိန်မှာသည်းခံ ရပါတယ်။ အဲ့လိုသည်းခံတဲ့အချိန်မှာ အထက်က မန်လည်ဆရာတော် ဘုရားကြီးရေးထားတဲ့ ပတ္တမြားရွှေဂူ ကဗျာလေးက သိပ်ကိုကောင်းတဲ့အားဆေးလေးတခွက်ပါပဲ။

ကဗျာရဲ့ဆိုလိုရင်းလေးကတော့ အပြစ်မရှိအပြစ်ရှာပြီး ခွေးများက လမင်းကိုဟောင်သော်လဲ ငွေသော်တာလမင်းမှာ ကောင်းကင်မှာ ထွန်းလင်းမြဲထွန်းလင်းလျှက်ပါတဲ့။ ဒီလိုပဲ ပတ္တမြားရွှေဂူရဲ့ တောက်ပတဲ့ အရောင်အဆင်းကို ၀က်များကငြူစူ မနာလိုလို့  မိမိကိုယ်မှာ ရွှံများလူးလို့
တိုက်ပါသော်လဲ၊ ပတ္တမြားရွှေဂူ ကတော့ ပိုလို့ တောင်အရောက်ထွက်လာပါတယ်တဲ့။ ရှေးကထက်တောင် တောက်လို့ ပြောင်လို့ ပါပဲတဲ့။

ကဲ… သူငယ်ချင်းတို့လဲ မိမိကိုမလို မုန်းထားစိတ်နဲ့ အမျိုးမျိုးအဖုံဖုံ တိုက်ကြခိုက်ကြရင် ဒီကဗျာလေးကို သတိရလိုက်ပါ။ စိတ်ဓါတ်ကို ဓါတ်စာ ကျွေးလိုက်ပေတော့ဗျား။ စိတ်ပျက်အားငယ်တဲ့စိတ်တွေကို အဝေးကိုလွှတ်ပြစ်လိုက်ပါ လို့ တိုက်တွန်းလိုက်ပါတယ်။

Wise Advice from Mother Teresa


Mother Teresa

Mother Teresa

Wise Advice from Mother Teresa

( because it was never between you and them )

နိုဘယ်ဆုရှင် မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင် ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။


People are often unreasonable, illogical, and self-centered;
Forgive them anyway.

လူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေ လုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်တတ်ကြတယ်။
ဘယ်လိုပဲဖြစ်စေ………. သူတို့ကိုခွင့်လွှတ်လိုက်ပါ။

If you are kind, people may accuse you of selfish ulterior motives;
Be kind anyway.

သင်က သနားကြင်နာတတ်ရင် လူတွေက သင်ဟာ တစ်ကိုယ်ကောင်းစိတ်ရှိသူ ဟန်ပြကြင်နာ ပြနေသူလို့ စွပ်စွဲလာကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. သနားကြင်နာမြဲသနားကြင်နာပါ။

If you are successful, you will win some false friends and some true enemies;
Succeed anyway.

သင့်ဘ၀မှာ အောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေ ရလာနိုင်သလို ရန်သူစစ်စစ်တွေလည်း ရလာလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. အောင်မြင်အောင်ဆက်ကြိုးစားပါ။

If you are honest and frank, people may cheat you;
Be honest and frank anyway.

လူတွေက သင့်ကို လိမ်လည် လှည့်ဖျားကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. ရိုးသားဖြောင့်မတ်ပါ။

What you spend years building, someone could destroy overnight.
Build anyway.

သင်နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ဘ၀တစ်ခုကို တစ်ဦးတစ်ယောက်က နေ့ချင်းညချင်း ဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. တည်ဆောက်မြဲတည်ဆောက်ပါ။

If you find serenity and happiness, they may be jealous;
Be happy anyway.

သင်ကငြိမ်းအေးမှုနှင့် စိတ်ချမ်းသာမှု ကိုရှာဖွေတွေ့ရှိပြီဆိုရင် သူတို့က မနာလိုဝန်တိုမှု တွေဖြစ်ကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. စိတ်အေးချမ်းအောင်နေပါ။

The good you do today, people will often forget tomorrow;
Do good anyway.

သင်ဒီနေ့ ကောင်းမှုပြုလုပ်တာကို လူတွေကမနက်ဖြန်မေ့ပစ်ချင် မေ့ပစ်ကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ………. ကောင်းတာကိုပဲဆက်လုပ်ပါ။

Give the world the best you have, and it may never be enough;
Give the best you’ve got anyway.

လောကကြီးကို သင်အပေးနိုင်ဆုံး အကောင်းဆုံးတွေ ပေးဝေလိုက်ပါ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

You see, in the final analysis it is between you and God;
it was never between you and them anyway.

နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်တော့ သင်မြင်တဲ့အတိုင်းပါဘဲ သင်နဲ့တရားသာ အတူရှိတော့တာပါ။
ငါ ၊မင်း ၊သူတစ်ပါး အကြားမှာဘာမှမရှိပါဘူး။        ။

ခွင့်လွှတ်ခြင်းများနဲ့ ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။ သင်တို့၏မိတ်ဆွေများကိုလည်း ဖြန့်ဝေပေးစေချင်ပါတယ်။      ။

ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း


လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက် ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။

e-mail ဖြင့်ပို့ ပေးသော ပိုးလေးကို ကျေးဇူးတင်လျှက်

လူငယ်နှင့် အနာဂတ်


မနေ့ညက သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ်။ သူကနိုင်ငံခြားမှာ ကျောင်းတက်နေပါတယ်။ မကြာခင်ကျောင်းပီးတော့မှာ ဘာဆက်လုပ်ရင် ကောင်းမလဲဆိုပီးတိုင်ပင်တာပါ။ သူနဲ့ ဖုန်းပြောပီးတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော့်တို့ လူငယ်တွေ အနာဂတ်အတွက် လုပ်သင့်သလဲ။ ကိုယ့်အတွက်၊ ကိုယ်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်နိုင်ငံ အတွက်ပေါ့။ ပထမဆုံး အနီးဆုံးဖြစ်တဲ့ ကိုယ့် အတွက် ကိုအရင် စဉ်းစားကြည့်ရအောင်…

ကျွန်တော်တို့တွေ ကျောင်းပီးလို့ ဘွဲ့တခုခုရရင် အလုပ်ဝင်လုပ်မယ်။ ကျောင်းမပီးခင် ရရာအလုပ်တခုမှာ ခဏလေးမှေးလုပ်မယ်။ ဒီလိုနဲ့ အလုပ်ကိုအကြောင်းပြုပီ ကျောင်းမတက်ဖြစ်တာတွေ၊ အလုပ်က ခွင့်မပြုလို့ စာမေးပွဲမဖြေရတာတွေ စတဲ့ နောက်ဆက်တွဲတွေပေါ်လာပြန်ရော။ ဒါနဲ့ အချိန်တွေကုန်၊ နောက်ဆုံး အိမ်ထောင်ကျ၊ အဆင်ပြေရာမှာဝင်လုပ်ရင်းနဲ့ ဘ၀ ကုန်ဆုံးသွားသူတွေရှိပါတယ်။ ကျွန်တော်အားလုံးကို ပြောတာမဟုတ်ပါဘူး။ လက်တွေ့ဘ၀ မှာ ဖြစ်ပျက်နေတာကိုမြင်နေရလို့ပါ။ ကျောင်းပီး ဘွဲ့ရတော့ ဘာသွားလုပ်စားမလဲ လို့ ပြန်မေးသူတွေ လဲရှိပါတယ်။ ဒါဆိုဘွဲ့မရပဲ ချမ်းသာနေသူတွေလဲ ရှိတာပဲ။ ဘာကြောင့်လဲတဲ့။ ကိုယ်ကိုတိုင်က အဆိုးဘက်ကို တွေးနေရင် ဘေးကလူတွေအနေနဲ့ ၀င်ပြောလဲမထူးပါဘူး။ ဒါဆို သူတို့ရည်ရွယ်ချက်တွေက ဘာလဲ။ ကြုံရာမှာ ဖြစ်သလို့ နဲ့ နေထိုင်သွားတော့မှာလား။ သူတို့တွေမှာ အနာဂတ်ရည်းမှန်းချက်မရှိတော့ဘူးလား။ ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နောက်ကျန်နေခဲ့မယ်ဆိုရင်…. ကိုယ့်အနာဂတ်… ကိုယ်ရင်သွေး တွေ အလှည့် ကျရင် မိဘတစ်ယောက်အနေနဲ့ သူတို့လေးတွေကို ကောင်းကောင်းမွန်မွန် လမ်းညွန်ပြနိုင်ပါ့မလား။

နောက်တခု က ဘွဲ့တော့ရပါပီ။ အလုပ်တခုမှာလဲ လုပ်နေပါပီတဲ့။ တသက်လုံး ဒီအလုပ်က ကိုယ့်ကို ကျွေးသွားမှာလား။ ဒီထက် သာတဲ့အလုပ်၊ ကောင်းတဲ့အလုပ် ကိုမစဉ်းစားတော့ဘူးလား။ ဒီမှာ အဆင်ပြေနေတာပဲ၊ ဘာမှပူစရာမရှိဘူးလို့ ပြောတဲ့သူတွေလဲ မရှားပါဘူး။

အခုခေတ်လူငယ်တွေ ကြိုးစားကြပါတယ်။ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားတဲ့သူတွေအများကြီးရှိပါတယ်။ နောက်ကနေလဲ ထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းရှိကြတယ်။ မထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားတဲ့ အတွက် အောင်မြင်မှု့ဆိုတာ မဝေးပါဘူး။

မိဘ တွေအနေနဲ့လဲ ကိုယ့် သားသမီးတွေ ဘာဖြစ်စေချင်တာထက် ဘာလုပ်ချင်လဲ ဆိုတာကို အရင်လေ့လာသင့်ပါတယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်းဂုဏ်ထူးများများနဲ့ အောင်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ စိတ်ကြီးက ယခုခေတ်ထိ မိဘတွေစိတ်ထဲ မှာ စွဲနေတုန်းပါ။ ကိုယ့်သားသမီးက အင်ဂျင်နီယာ ဖြစ်ချင်တယ်။ မရဘူး ဆေးကျောင်းတက်ရမယ်ဆိုရင် ပျော်ရွှင်နိုင်ပါ့မလာ။ မလွန်ဆန် နိုင်လို့သာ တက်ရတယ်။ ၀ါသနာမပါ၊ စိတ်မ၀င်စားတဲ့ အကြောင်းအရာကို လေ့လာရမယ်ဆိုရင် ထူးချွန်ထက်မြတ်လာနိုင်ပါမလား။ စိတ်မ၀င်စားတော့ မလေ့လာ၊ မလေ့လာတော့ စာမေးပွဲမှာ ဒုက္ခရောက်၊ စာမေးပွဲကျ၊ စိတ်ညစ်၊ မလုပ်သင့်တာတွေလုပ်၊…. အဲဒီမှာ ဆယ်တန်းမှာ ရခဲ့တဲ့ အမှတ်တွေ၊ ဂုဏ်ထူးတွေ အလကားရေစုန်မြောကုန်ရော…

မိဘတွေအနေနဲ့လဲ ကိုယ်ဖြစ်ချင်တာမဖြစ်ခဲ့ရလို့ သားသမီးကိုဖြစ်စေချင်တာလဲ သူတို့စေတနာပါ။ ဒါပေမယ့် ကိုယ့်သားသမီးဘာဖြစ်ချင်တာလဲ ဆိုတာကိုတော့ အရင်လေ့လာသင့်တယ်လို့ထင်ပါတယ်။

အခုခေတ်လူငယ်တွေမှာ အခွင့်အရေးတွေအများကြီးပိုရှိလာပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အတူ ဘေးထွက်ဆိုးကျိုးတွေလဲ ပါလာပါတယ်။  လေ၀င်တာလိုချင်လို့ ပြတင်းတံခါးဖွင့်ထားရင် လေနဲ့ အတူ ဖုန်၊သဲ အမှိုက်တွေ ၀င်လာသလိုမျိုးပဲပေါ့။ အချိန်ဆိုတာကုန်မြန်ပါတယ်။ ကိုယ်မသိလိုက်တဲ့ ခဏအတွင်းမှာ အခွင့်အရေးကောင်းတွေ လွတ်သွားတတ်ပါတယ်။

ကျွန်တော်တို့ လူငယ်တွေလည်း ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက် အနာဂတ် ကို သေသေချာချာ ဆုံးဖြတ်ချက်ချပီး သေချာဂရုစိုက် ကြိုးစားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှု့တွေ့ မပျက်မကွက် စောင့်ကြိုနေမှာ အမှန်ပဲ။

ပတ်ဝန်းကျင်က တွန်းအားထက် ကိုယ်ကိုယ်တိုင်တွန်းတဲ့အားက ပိုအရေးကြီးပါတယ်..