ပသျူးမြေသို့ ၃ ရက်တာ (၂)


လေယာဉ်ပေါ်ကနေဆင်းပြီး အထဲကိုဝင်လာခဲ့ပါတယ်။ နောက် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ နိုင်ငံကူးလက်မှတ်စာအုပ်ကို ပြလိုက်ပါတယ်။ ဟိုလှန်ဒီလှန်နဲ့ ဖတ်ပါတယ်။ ဘာလာလုပ်လဲတော့ မမေးပါဘူး။ နောက်တော့ “ဒုန်း” ဆိုပြီးအသံထွက်လာပါတယ်။ နိုင်ငံကူးစာအုပ်မှာ တံဆိတ်တုံးထုတဲ့အသံပါ။ ကျွန်တော် မလေးရှားနိုင်ငံကို တရားဝင် ၀င်ခွင့်ရသွားပါပြီ။ ရက် (၂၀) တိတိပါ။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးကောင်တာကို ကျော်ဖြတ်ပြီးနောက် အထဲကို ၀င်လာခဲ့ပါတယ်။ နောက်တခြားသူတွေကို စောင့်ရင်းနဲ့ ကျွန်တော်ရဲ့ ဖုန်းကို ထုတ်ပြီး SIM ကဒ်လဲပါတယ်။ စင်္ကာပူနိုင်ငံသုံး SIM ကဒ်ကနေ မလေးရှားနိုင်ငံသုံး SIM ကဒ်ကိုပြောင်းထည့်လိုက်တာပါ။ ပြီးနောက် မလေးရှားမှာ ရှိတဲ့ သူငယ်ချင်းကိုဖုန်းဆက်ပြီး ရောက်နေကြောင်းလှမ်းပြောလိုက်ပါတယ်။ ပြောရင်းနဲ့ Duty Free ဆိုင်တွေထဲကိုလျှောက်ဝင်လာရင် ပြန်ရင်ဘာဝယ်သွားရမလဲဆိုတာ စိတ်ထဲကနေ ရွေးနေမိတယ်။ ဗိုက်ဆာလာတာနဲ့ လေဆိပ်ထဲမှာ ရှိတဲ့ မက်ဒေါ်နယ် ဘာဂါဆိုင်ထဲမှာ မနက်စာစားကြပါတယ်။ ကျွန်တော်၊ Aurther, A.A, Pamela နဲ့ Cherry… ငါးယောက်ပေါ့။ တခြားသူတွေကတော့ မက်ဒေါ်နယ်ရှေ့က MerryBrown မှာစားကြတယ်။ စားပြီးသောက်ပြီးတော့ အချိန်ကစောနေသေးတယ်။ နောက်ထပ်ရောက်လာမယ့်သူတွေက ကျန်သေးတယ်။ နောက်ဆုံးရောက်လာမယ့် အသုတ်က နေ့လည် ၁၂း၀၀ ကျော်မှ လေယာဉ်ဆိုက်မှာ။ အခုက ၉း၃၀ လောက်ပဲရှိသေးတာ။ ဒီတော့ ဟိုလျှောက်ဒီလျှောက်၊ လေဆိပ်ထဲမှာ လမ်းသလားကြပါတယ်။ ကျွန်တော်ကတော့ စာအုပ်ဆိုင်ထဲ ၀င်ပြီးစာအုပ်တွေဖတ်နေတယ်။ အဲဆိုင်မှာပဲ မလေးရှားရင်းဂစ် (၃၀) တန် ဖုန်းကဒ်တကဒ်ထပ်ဝယ်ပြီး ဖုန်းထဲကို ဖြည့်လိုက်ပါတယ်။ နောက် MerryBrow ကိုပြန်ပြီး ထိုင်ခုံမှာထိုင်ကာ တစ်ရေးအိပ်လိုက်ပါတယ်။ မနက်အစောကြီးထလာတာ ဆိုတော့ နည်းနည်းပင်ပန်းနေပြီ။ မင်္ဂလာအတွေးများစာအုပ်ကိုဖတ်ပြီး မျက်စိစင်းလာတော့ အိပ်လိုက်ပါတယ်။ နိုးလာတော့ ၁၂း၀၀ ကျော်ကျော်လေးပဲရှိတယ်။ ဒါနဲ့ မုန့်လေးတခုထပ်စားရင်း နေလိုက်တာ ခဏနေတော့ နောက်ဆုံးအသုတ်ရောက်လာပါပြီ။ လူလဲစုံပြီ။ ဒီတော့ နောက်ထပ် ခရီးဆက်ဖို့ လေဆိပ်အပြင်ကိုထွက်လာခဲ့တယ်။ အပြင်ရောက်တော့ အသင့်စောင့်နေတဲ့ ကားကြီးပေါ်တက်ပြီး နောက်ဆုံးပန်းတိုင်ရှိရာ Genting Highland ကိုဆက်လက်ထွက်ခွာခဲ့တယ်။

palm-tree

ဆီအုန်း စိုက်ခင်းများ

လေဆိပ်ကထွက်ပြီး သိပ်မကြာခင်မှာပဲ ကျယ်ဝန်းတဲ့ လမ်းမကြီးပေါ်ကိုရောက်လာတယ်။ လေဆိပ်နဲ့ ကွမ်လမ်လာပူမြို့က အတော်လှမ်းပါတယ်။ ကျွန်တော့်အထင် တစ်နာရီကျော်ကျော် ကားစီးရမယ်ထင်တယ်။ လေဆိပ်အလွန်လမ်းမကျယ်ကြီးပေါ်ရောက်တော့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဆီအုန်းစိုက်ခင်းတွေ အများကြီးပဲတွေ့ရတယ်။ မျက်စိတဆုံး ဆီအုန်းပင်တွေစိုက်ထားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကော့သောင်းလို့ နေရာမျိုးပေါ့။ ရာသီဥတုလည်းတူတယ်။ ရေမြေအနေအထားလဲတူတယ်။ မိုးရေချိန်ရရှိမူလည်းအတူတူပဲ။ ကျွန်တော်တို့ သွားနေတုန်းမှ မိုးလေက တဖွဲဖွဲကျလို့.. လွန်ခဲ့ ၅ နှစ်တာ ကျွန်တော်ကော့သောင်းကို ရောက်ခဲ့စဉ်က အချိန်ကို ပြန်သတိရမိတယ်။ အဲဒီတုန်းက ကျွန်တော်က စင်္ကာပူနိုင်ငံ အခြေစိုက် ဗိသုကာဒီဇိုင်းရေးဆွဲတဲ့ ကုမ္ပဏီတခုဖွင့်လှစ်ထားတဲ့ ရန်ကုန်ရုံးရဲ့ စီမံကိန်မန်နေဂျာ (Project Manager)ပါ။ ကျွန်တော်လုပ်တဲ့ ကုမ္ပဏီက ဆီအုန်းစက်ရုံစီမံကိန်းအတွက် လုပ်ငန်းတခုရလိုက်ပါတယ်။ သာကေတ မြို့နယ်မှာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးထိပ်တန်းကုမ္ပဏီကြီးတခုပိုင်တာပေါ့။ နာမည်တော့မပြောတော့ပါဘူး။ အဲဒီကုမ္ပဏီကနေ ကျွန်တော်တို့ကို ကော့သောင်းဆီအုန်း စိုက်ခင်းတွေဆီကို လက်တွေ့ကွင်းဆင်းလေ့လာဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။ ကော့သောင်းက ရာသီဥတုနဲ့ အခုကျွန်တော်ရောက်နေတဲ့ မလေးရှားနိုင်ငံရာသီဥတုက အတော်လေးတူပါတယ်။ ဒါကြောင့်မလေးရှားနိုင်ငံဟာ ဆီအုန်းအဓိကထွက်ရှိရာနိုင်ငံ အဖြစ် ကမ္ဘာမှာ နာမည်ရှိနေတာပါ။

twin-tower

အမွှာမျှော်စင်

တစ်ဖြည်းဖြည်းနဲ့ ကားကကွမ်လမ်လာပူမြို့ထဲကို ၀င်လာပါပြီ။ မလေးရှားနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ အမွှာမျှော်စင်ကို လှမ်းမြင်နေရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က မြို့ထဲမ၀င်ပါဘူး။ မြို့ရှောင်လမ်းကနေ သွားတာပါ။ တဖြည်းဖြည်းနဲ့ မြို့ပြအရိပ်အသက်တွေ ကင်းကွာလို့ တောင်ပေါ်ဒေသ ရူခင်းတွေပြောင်းလဲမြင်လာရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ပဲခူးရိုးမတောင်းတန်းတွေလို့ပေါ့။ မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေနဲ့ တောင်ခိုးတွေဝေနေပြီ တောင်ထိပ်ကိုမမြင်ရတဲ့ တောင်တွေကိုတွေ့နေရပါတယ်။ ရာသီဥတုကလည် စိမ့်စိမ့်လေးနဲ့ အေးလာပြီ။ သိပ်မကြခင်မှာ ကားက ခဏနားပါတယ်။ ကျွန်တော်တို့လည်း အပေါ့အပါးသွား၊ စားသောက်ဆိုင်မှာ စားစရာတွေစားနဲ့ပေါ့။ နေ့လည်စားမှမစားရသေးတာ။ စားပြီးတာနဲ့ ကားပေါ်တက်ကြပြီးခရီးဆက်ကြတယ်။

Genting မှ ကွမ်လမ်လာပူသို့ ပြေးဆွဲသော ကားဂိတ်

Genting မှ ကွမ်လမ်လာပူသို့ ပြေးဆွဲသော ကားဂိတ်

လမ်းတွေက တောင်တက်လမ်းတွေဖြစ်လာပြီ။ တောင်တက်လမ်းတွေဆိုပေမယ့် လမ်းတွေက အကျယ်ကြီးပါ။ ရန်ကုန်-မန္တလေး (၆) လမ်းသွားတွေလောက်ကိုကျယ်ပါတယ်။ အမြင့်ရောက်လာလေ၊ မြူတွေကျလာလေ၊ တောင်အောက်ကိုမမြင်ရလေဖြစ်လာတယ်။ လေဆိပ်ကနေ ၃နာရီကျော်ကျာ် ကားစီးပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပန်းတိုင်ရှိရာ Genting HighLand ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

genting

Genting Highland သို့သွားရာ တောင်တက်လမ်း

အ၀င်ဝ မုဒ်ဦး

အ၀င်ဝ မုဒ်ဦး

အဲဒီနောက် ကိုယ်နေရမယ့်အခန်းကိုရှာပြီး အထုပ်အပိုးတွေချ၊ ခဏနားကြပါတယ်။ နာရီဝက်လောက် နားပြီးတော့ Genting HightLand ရှိ နာမည်ကြီး ကက်စီနိုကစားပွဲတွေရှိရာကို သွားကြပါတယ်။ အစကတော့ ကျွန်တော်ကစားဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဟိုရောက်တော့ မကစားရဲ့တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကစားဖြစ်ရင် ရင်းဂစ်ရာဂဏန်းလောက်ပဲ သုံးနိုင်မှာ။ အဲ့ဒီမှာကစားနေတဲ့သူတွေက တစ်ခါထိုးရင် ရာဂဏန်းတွေချည်းပဲ။ သူတို့တခါထိုးတာက ကျွန်တော် ကစားဖို့သတ်မှတ်ထားထက် ပမာဏထက်ကျော်နေတယ်။ အဲဒါနဲ့ မကစားတော့ပဲ ဘေးကနေပဲကြည့်နေတော့တယ်။ နောင်တစ်ချိန်မှ လာကစားမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားတာပေါ့။ ကစားဝိုင်းတွေရှိတဲ့ အထဲမှာ ဓတ်ပုံရိုက်ချင်ပေမယ့် ခွင့်မပြုလို့ မရိုက်ခဲ့ရပါဘူး။

ညနေ ၆း၀၀ ကျော်ကျော်လောက်မှာ ပြန်လာပြီ ညနေစာကို MerryBrown မှာ ကြုံသလို့ ကြက်ကြော်ပဲစားလိုက်တယ်။ နောက်အခန်းပြန်ကြပါတယ်။ ရေချိုးပြီးတော့ ဧည့်ခန်းထွက်လာပြီး ကျွန်တော်တို့ (၅)ယောက်စကားပြောကြ၊ စကြနောက်ကျနဲ့ပေါ့။ ပျော်စရာကြီးပါ။ အလုပ်မှာလဲ နေ့တိုင်းတွေ့နေရမယ့် ပြောဆိုဆက်ဆံနေရပေမယ့် အခုလို လွတ်လွတ်လပ်လပ် ပြောဆိုတာမျိုးမရှိခဲ့ဘူးလေ။ ဓတ်ပုံတွေရိုက်ကြ၊ သီချင်းနားထောင်ကြနဲ့ တော်တော်လေးမောမှ ကိုယ့်အခန်းကိုယ်ပြန်ပြီ အိပ်ကြတယ်။

Genting  Highland ခရီးရဲ့ ပထမ တစ်ရက်တာ ကုန်ဆုံးသွားပါပြီ။ နောက်ဒုတိယ တစ်ရက်မှာ ဘယ်လိုပျော်ကြတယ်ဆိုတာ ဆက်လက်ဖော်ပြပါဦးမယ်။

Advertisements

ပသျူးမြေသို့ ၃ ရက်တာ (၁)


တီ….တီ….တီ…

ညက မနက်၎း၀၀ နာရီ နိုးစက်ပေးထားသဖြင့် ဖုန်းမှထမြည်ခြင်းဖြစ်သည်။ အထုပ်အပိုးပြင်နေသဖြင့် အိပ်ရာဝင်နောက်ကျသောကြောင့် မျက်လုံးက သိပ်မဖွင့်ချင်ဖြစ်နေသည်။ ဒါပေမယ့် မထလို့မဖြစ်… လေယာဉ်ချိန်က မနက် ၇း၄၅၊ ပုံမှန်အားဖြင့် Check-in က ၁နာရီခွဲ စောဝင်ရမည်ဖြစ်သည်။ ၃ရက်ကြိုတင်ပြီး အွန်လိုင်း Check-in ၀င်ထားသောကြောင့် လေဆိပ်ကို ၆း၃၀ လောက်ရောက်လျှင်ဖြစ်သည်။ သို့သော် တခုတခုဆို ကြိုတင်လုပ်လေ့ရှိသော ကျွန်တော့်အကျင့်ကြောင့် အစောကြီးနှိုးစက်ပေးထားခြင်းဖြစ်သည်။

မျက်စိကို အတင်းဖွင့်ပီး ကုတင်ပေါ်မှဆင်းကာ တခြားသူငယ်ချင်းတွေကို အိပ်ရာမှထရန် SMS ပို့လိုက်သည်။ နောက်လိုအပ်သည် အရာများမမေ့ရန် သတိပေးလိုက်ရသေးသည်။ ပထမဆုံး ရီပလိုင်းပြန်လာသူက Cherry၊ အဲဒီနောက် A.A၊ Pamela ကတော့ အိပ်ကောင်းတုန်း.. သူကတော့ သူ့ချစ်ချစ်ကြီးက လိုက်ပို့မှာဆိုတော့ အေးဆေးပေါ့။

ရေချိုးအ၀တ်အစားလဲ ပြီးတော့ Cherry ဆီကို SMS ပို့ အဆင်သင့်ဖြစ်ရင် ကျွန်တော်ထွက်လာတော့မယ်ဆိုတာကို လှမ်းမေးတော့ ရယ်ဒီပဲတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ဘုရားကန်တော့ ပြီးအထုတ်ဆွဲကာ အောက်ကိုဆင်းလာခဲ့တယ်။ လမ်းမပေါ်ရောက်တော့ Taxi ငှားကာ Cherry နေထိုင်ရာ Ang Mo Kio ကိုထွက်လာခဲ့တယ်။ သူ့လမ်းထိပ်ရောက်တော့ အဆင်သင့် သူ့ကိုတွေ့ရတယ်။ ဒါနဲ့ ၂ ယောက်သား A.A နေထိုင်ရာ Bedok ကိုဆက်သွားကြတယ်။ ရောက်တော့ သူ့ကိုခေါ်ပြီး လေဆိပ်ကိုဆက်သွားကြတယ်။ လေဆိပ်ရောက်တော့ ၆း၀၀ ရှိပြီ။ စောတော့ စောသေးတယ်။ ဒါနဲ့ပဲ ၀င်ရမယ့် ဂိတ်ပေါက်ရှေ့က ထိုင်ခုံတွေမှာ ထိုင်ရင်း နောက်လူတွေကို စောင့်နေလိုက်တယ်။ သွားကြမယ်သူတွေက စုစုပေါင်း ၂၅ ယောက်၊ လေယာဉ်ချိန်တွေကမတူဘူး။ ကျွန်တော်တို့ ပထမအသုတ်မှာ ၉ ယောက်ပါတယ်။ ၆း၃၀ မှာတော့ လူစုံသွားပြီ။ ဒါနဲ့ ကျွန်တော်တို့ အထဲကို ၀င်လာခဲ့ကြတယ်။ အထဲရောက်တော့ Duty Free ဆိုင်တွေမှာ Window Shopping ပေါ့။ ၇း၁၅ လောက်မှာ Announce အသံကြားရတော့ အတွင်းထဲထိဝင်လာခဲ့ပြီး စစ်ဆေးရေးဂိတ်မှာ အထုပ်တွေအစစ်ဆေးခံပြီး နောက်ဆုံးဂိတ်ပေါက်ဝထိရောက်လာပြီ။ ခဏနေတော့ လေယာဉ်ပေါ်တက်ကြတယ်။

စီးမယ့်လေကြောင်းက Air Asia လိုင်း၊ ပထမဆုံးစတွေ့တာက လေယာဉ်မယ်လေးပါ (Air Asia မှ လေယာဉ်မယ်များ သိပ်မချောကြပါ)။ နောက်တော့ ကိုယ်ထိုင်ခုံ ကိုယ်ရှာ၊ အိတ်ကို ပေါ်က အထုပ်ထားတဲ့ စင်မှာတင်လိုက်တယ်။ ကျွန်တော်ထိုင်တာက နောက်ဆုံးခုံ၊ ကျွန်တော်နောက်မှာ Toilet ပဲရှိတော့တယ်။ ကျွန်တော့်ဘေးမှာ ထိုင်သူက Aurther.. အဲဒီအချိန်မှာပဲ လေယာဉ်မယ်လေးက အရေးပေါ်အခြေအနေမှာ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို သရုပ်ပြတယ်။ ထိုင်ခုံခါးပတ်၊ အသက်ကယ်ဝတ်စုံ ဘယ်လိုဝတ်ရမယ်ဆိုတာတွေကိုပေါ့။

၁၀မိနစ်လောက်တော့ကြာမယ်ထင်တယ်။ အဲဒါလဲပြီးရော လေယာဉ်စထွက်ဖို့ အချက်ပေးသံမြည်လာပြီး လေယာဉ်က ပြေးလမ်းရှိရာကို တစ်ရွေ့ရွေ့နဲ့ မောင်းထွက်လာပါတယ်။ ပြေးလမ်းပေါ်ရောက်တော့ လေယာဉ် တဖြည်းဖြည်းနဲ့ မြန်လာပီ ၂မိနစ်အတွင်းမှာပဲ မြေပြင်နဲ့ လွတ်သွားပါတယ်။ ကျွန်တော်လည်းအိပ်ထဲမှာ ပါလာတဲ့ ရဝေနွယ်(အင်းမ)ရဲ့ မင်္ဂလာအတွေးများ စာအုပ်ကိုဖတ်ရင်း လိုက်ပါသွားပါတယ်။ နာရီဝက်ကျော်ကျော် ကြာတော့ Announcement သံထွက်လာပါတယ်။ သိပ်မကြာခင် မလေးရှားနိုင်ငံ၊ ကွမ်လမ်လာပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းတော့မှာ ဖြစ်တဲ့အကြောင်းပေါ့။ ဒါနဲ့ ကျွန်တော်လည်း စာအုပ်ကိုသိမ်းလိုက်ပြီး ဘေးပြတွင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ လေဆိပ်ကို ခပ်ရေးရေးမြင်နေရတယ်။ လေယာဉ်ကတော့ တဖြည်းဖြည်းနဲ့ နိုမ့်ဆင်းလာပြီး ခဏအတွင်းမှာ လေယာဉ်ဘီးနဲ့ ပြေးလမ်းထိသွားတာကို သိလိုက်တယ်။ တဖြည်းဖြည်းနဲ့ အရှိန်လျှော့လာပြီး လေယာဉ်ရပ်သွားပါတယ်။ နောက် အထုပ်ဆွဲပြီး လေယဉ်ပေါ်က ဆင်းလိုက်ပါတော့သည်။ လေယာဉ်ရပ်လိုက်တဲ့ နေရာက LCCT လို့ခေါ်တဲ့ Air Asia လေယာဉ်များသာ ဆင်းတဲ့ ကွန်ပေါင်းတခုပေါ့။

airasia2LG

ပထမဦးဆုံး မလေးရှားမြေကို ညာဘက်ခြေထောက်နဲ့ စတင်နင်းကာ မလေးရှားလေကို တ၀ကြီးရူရှိုက်လိုက်ပါတော့သည်ခင်ဗျာ။
နောက်သတိရလိုက်တာက မလေးရှားနိုင်ငံမှာရှိတဲ့ တစ်ဦးသောသူငယ်ချင်း မောင်တီးကောခ့်ပေါ့ဗျာ။ သူ့ကိုဘယ်လိုဒုက္ခပေးရမယ်ဆိုတာကတော့ ခေါင်းထဲမှာ အကြံအပြည့်နဲ့ပေါ့…

(ဆက်လက်ဖော်ပြပါမည်။)