ရင်၌စွဲကျန်ခဲ့သော. . .


သီတဂူဆရာတော်ဘုရားကြီးရဲ့ တစ်ခုသောတရားထဲမှာ နာကြားမိတာလေးက ရင်ထဲမှာစွဲသွားခဲ့ပါတယ်။ အကြောင်းအရာ က အသွင်မဆန်းပေမယ့် ဘ၀အမြင်မှာ တကယ်ဆန်းစေတဲ့တရားလေးပါ။ ကြားဖူးနေကြစကားထဲက ဘ၀ရထား … ဆိုတဲ့ အကြောင်းပါ။ လူ့ဘ၀ကြီးတစ် ခုလုံးကို ရထားတစ်စင်းနဲ့ တင်စားပြီးပြောဆိုဆုံးမသွားတာမို့ပါ။ နေ့စဉ် ရထားနဲ့ ခရီးသွား လာနေကြတဲ့ လုပ်သားပြည်သူတွေ ရေလို့တောင်ရပါ့မလား။ တစ်နေ့ တစ်ရက်တည်းမဟုတ်။ ဘ၀ စဆိုကတည်းက တစ်ချို့ဆို ရထားပေါ်မှာတင် မီးဖွားခဲ့ကြ။ ကျွန်တော်ဖြင့် အံ့သြလွန်းလို့။ နေ့စေ့လစေ့ကြီး ဘာကြောင့်များ ခရီးသွားကြတာ ပါလိမ့်ပေါ့။ စဉ်းစားရတာ မရေရာခဲ့ပါ။ အဲ့သလို မရိုးမဆန်း ဖြစ်ရပ်တွေ ဘ၀ရထားပေါ်မှာ စုံလို့ပါပဲ။ တစ်ချို့တော့လည်း ရေလမ်းကသွားတော့ သင်္ဘောပေါ်မှာ မွေးဖွားကြ။ လေကြောင်းမှာ သွားရင်းလာရင်းတော့ မမွေးလောက်ဘူးလို့ အဆစ်တွေးကြည့်မိပါသေးတယ်။ ဒါလည်း မပြောနိုင်ပါဘူး… ကိုယ်မှမသိတာ။

ရထားဆိုတဲ့အတိုင်းပါပဲ။ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို စီးနင်းကြ။ ရထားပေါ်မှာတင် မိတ်ဆွေတွေဖွဲ့ကြ။ ခင်မင်ကြ။ ရင်းနှီးကြ။ လက်ဆုံးစားကြသောက်ကြ။ တစ်ချို့ကတော့ သောက်ကြစားကြ။ နေရာတွေလုကြ။ ရန်ဖြစ်ကြ။ ကလေးတွေကငိုကြ။ ဈေးသည်တွေက ဆူလို့ညံ့လို့။ အထက်တန်းတွဲဘက် ကိုကြည့်လိုက်တော့ ခုံလေးတွေသပ်သပ်ရပ် ရပ်နဲ့ လူတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ်။ လက်မှတ်ကနံပါတ်နဲ့ ခုံနံပါတ်ကို ကိုက်အောင်ရှာနေတာတွေလောက်ပဲရှိပါ တယ်။ သူ တို့မျက်နှာတွေပေါ်မှာတော့ အရောင်သွေးတွေ တစ်မျိုးစီဖြစ်နေတာတော့ သတိပြုမိသား။ အဲ့ဒါဘာလဲဆိုတာကို ကျွန်တော် မသိဘူး။ အင်း … ဒီလိုနဲ့ပဲ မိမိတို့ လိုရာခရီးပန်းတိုင်ကို ရောက်တဲ့အခါ ဆင်းသွားကြပြန်တယ်။ တစ်ချို့က လည်း ထိုနေရာမှပင် ထပ်ပြီးတက်လာကြပြန်တယ်။ ခရီးသည်တွေ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ ရထားကြီးကတော့ အပြုံးမပျက် ခရီးဆက်နေဆဲပါပဲ။

ဘ၀သံသရာ သီချင်းထဲကလို ခရီးပန်းတိုင်း မရောက်ချင်း တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ..လိုက်တာ ဘယ်တော့များမှ ဆုံးမည်မသိ။ မြတ်စွာဘုရားရှင်ကတော့

ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

သူတော်ကောင်းတရားကို မသိသောသူအား သံသရာသည် ရှည်လျား၏ ဟူသတည်း။ တရားမသိသမျှတော့ ကရွတ်ခွေ ပေါ် ကင်းလျှောက်သလို ဆုံးနိုင်ဖွယ်ရာမမြင်ဘူးလို့ ဘုရားရှင်မိန့်လိုက်တာက မှတ်သားစရာပါပဲ။

ရထားပေါ်ကို စတင်ပြီး တက်ရောက်လာကတည်းက လက်မှတ်နဲ့ဝယ်ပြီးစီးခဲ့ရတာချည်းပါ။ ကိုယ့်လိုတဲ့ပန်းတိုင်ရောက်တာနဲ့ ကိုယ့်ခုံကိုထားပစ်ခဲ့ရမှာပါပဲ။ ငါ ထိုင်ခဲ့တဲ့ ခုံလေးဆိုပြီး သယ်သွားခွင့်မရှိပါဘူး။ ဒီမှာပဲနေတော့မယ်ဆိုပြီးတော့လည်း နေခွင့်မရှိပါဘူး။ သို့သော် ရထားစီးသူတို့ခမျာ ခုံလေးတစ်ခုံအတွက် အလုအယက် ရန်ဖြစ်နေကြတာ ရထားစီးဖူးတဲ့သူတိုင်း မြင်တွေ့ခဲ့ဖူးကြမှာပါ။ ကိုယ်တိုင် ရန်ဖြစ်ပြီး စီးခဲ့တာမျိုးများ ရှိချင်ရှိနေနိုင်မယ်ထင်တယ်နော်။ တစ်ချို့တော့ ခိုးစီးကြတာ တွေလည်း ကြုံတွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုရာကို ရောက်ဖို့အတွက် သက်သက်သာသာ မရှိလှတာတော့ အမှန်ပါပဲ။

ဘ၀ရထားကြီးကလည်း တစ်ရွေ့ရွေ့နဲ့ အမေ့ဝမ်းခေါင်းကနေ မောင်းထွက်လာလိုက်တာ ခုဆို အတော့်ကို ခရီးပေါက်နေပါ ရောလား။ ခရီးသွားရင်နဲ့ ကိုယ့်ထမင်းလေး တစ်လုပ်စားရဖို့ သူတစ်ပါးတို့ကို သတ်ဖို့လည်း ၀န်မလေးတဲ့ အဖြစ်တွေနဲ့ ကြုံ ခဲ့ရ။ သူများပစ္စည်းယူစားဖို့လည်း မကြောက်လန့်ခဲ့။ အစားတစ်ခုအတွက် စကားများကြ။ ရန်သတ်ကြ။ နေရာတစ်ခုအတွက် အပြိုင်အဆိုင်တွေလုပ်ကြ။ အချိန်တန်ရင် ဒီခုံတန်းကို ငါ ထားခဲ့ရမှာပါလားလို့များ နားလည်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ရန်ဖြစ်ရမှ စားလို့ဝင် အိပ်လို့ပျော်များ ဖြစ်နေကြရောလားမသိ။ အနိမ့်ဆုံးအဆင့် ကိုယ်မကျေနပ်တာရှိ ရင် ဒေါသလေးတော့ ထွက်ပြလိုက်ရမှ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ချင်တာကပါသေး။ အမောက်ထောင် ချင်တဲ့ နဂါးဆိုမှတော့ တိရိစ္ဆာန်စာရင်းထဲကို ၀င်သွားပြီးဆိုတာ သူမသိလိုက်ဘူးထင်ပါရဲ့။

တစ်ခါတုန်းက ကြက်တွေကို အုပ်ခြင်းတွေနဲ့ သယ်နေကြာတာတွေ့ဖူးပါတယ်။ သူတို့ခရီးက ကြက်သတ်သမားတွေဆီကိုပါ။ သူတို့တွေ သေရမယ်ဆိုတာကို မသိကြပါဘူး။ အုပ်ခြင်းထဲမှာ အစားစားနေလိုက် ကြတာများ ပျော်ပွဲစားခရီးများထွက်လာ သလား မှတ်ရတယ်။ စားပြန်တော့လည်း တစ်ကောင်နဲ့ တစ်ကောင် ထိုဆိတ်ပြီး စားနေကြတယ်။ တစ်ချို့ကြက်ဖတွေက တွန်သံတောင် ပေးလိုက်သေးတယ်။ နောက်တစ်ခုရှိသေးတယ်။ နွားတွေကို သတ်ဖို့ဆိုပြီး နွားသတ်ရုံကို ဆွဲသွားလိုက် ကြတာ … နွားတွေကတော့ ဘာမှမသိ။ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ လိုက်ရှာတယ်။ သူတို့ကို နယ်မြေသစ် စားကျက်သစ် ကိုခေါ်လာတယ်အမှတ်နဲ့များ လိုက်လာသလားထင်ရတယ်။ လမ်းမှာတွေ့တဲ့ မြက်ကိုလှမ်းဆွဲစားလိုက်သေးတယ်။ တစ်ချို့သော နွားတွေက တစ်ကောင်နဲ့ တစ်ကောင်မြင်ရင် ရန်ထောင်တာလား၊ နှုတ်ဆက်တာလားမသိ အော်လို့ …ဟစ်လို့။ အသံပေးလိုက်လို့။ နည်းနည်းလေးမှ စိတ်ညစ်တဲ့ပုံမပေါ်ဘူး။

ကြက်တွေရော၊ နွားတွေရောက ငါတို့ကိုခေါ်သွားတာဟာ သတ်ဖို့ပဲ .. လို့များသိရင် ဘယ်လိုနေမလဲမသိဘူးလို့ ထင်ရာမြင် ရာ တွေးကြည့်မိပါသေးတယ်။ သိတော့ရော ဘာဖြစ်မှာလည်း ….. တစ်နေ့သေရမယ်ဆိုတာ သိတဲ့ လူသားတွေတောင်မှ ရထားလက်မှတ်တစ်ဆောင်အတွက် ရန်သတ်ကြသေးတာပဲလေ။ ထမင်းတစ်လုပ်အတွက် သူများအတင်းတွေ တုတ်ကြ သေးတယ်လေ။ ရန်တွေဘာတွေလုပ်လို့၊ ဒေါသတွေဘာတွေထွက်လို့၊ ပျော်ပျော်ရွှင်ရွှင်နေနေကြတာတွေ့ရတော့ နွားတွေ ကြက်တွေကို နားလည်ပေးဖို့ အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်။

တူနေတဲ့အမူအကျင့်နှစ်ခုကို သိရှိနားလည်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကတော့ မတူအောင် နေထိုင်ကြပါတယ်။ ဒေါသထွက်တတ်တဲ့အကျင့်တွေပျောက်အောင်၊ လောဘဖြစ်တတ်တဲ့ အကျင့်တွေပျောက်အောင် သတိပညာနဲ့ ကျင့်သုံး နေထိုင်ရင်း ဘ၀ရထားပေါ်မှာ အေးဆေးသက်သက်စွာ စီးနင်းလိုက်ပါလာကြပါတယ်။ တစ်နေ့မှာ ငါသေရမယ်ဆိုတာ သိတဲ့အတွက် ရန်လည်း မဖြစ်တော့ပါဘူး။ မကျေနပ်တာတွေလည်း မရှိတော့ပါဘူး။ အငြင်းလည်း မပွားတော့ပါဘူး။

ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမမြင်ရပဲ အနှစ်တစ်ရာ အသက်ရှည်နေထိုင်ရခြင်းထက်၊ သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမြင်တွေ့ရသောသူ၏ တစ်ရက်တာမျှ အသက်ရှင်နေထိုင်ရခြင်းက မြတ်၏ဟု မြတ်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတို့၏ စကားကို သူတော်ကောင်းတို့၏ နားနှင့် နားထောင်မှသာလျှင် ကြားနိုင်၏။ သူတို့ကောင်းတို့ နှလုံးသားနှင့် ခံယူမှသာလျှင် ဆိုလိုသည့် သဘောသွားတို့ ရင်ထဲ ပေါက်ရောက်ပေလိမ့်မည် ဖြစ်၏။

ရထားဖြစ်သည့်အားလျော်စွာ တစ်ဘူတာပြီး တစ်ဘူတာ ရပ်နားနေဦးမှာတော့ သေချာပါတယ်။ ကိုယ်နဲ့မဆိုင်သေးတဲ့ ဘူတာမို့ ကိုယ့်အလှည့်မရောက်သေးရင်တော့ ဒီဘူတာက မဆင်းရသေးဘူးပေါ့။ ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ ရထားပေါ်ကနေ ခပ်သုတ်သုတ်လေးဆင်းပေးရမှာပါပဲ။ ရထားပေါ်က ဆင်းတဲ့အခါမှာတော့ ခုံတွေလည်း ပါမလာ၊ ကြုံတဲ့ လူတွေလည်း ထားခဲ့ရမှာ နားလည်ထားသင့်ပါတယ်။ ကိုယ့်နောက်ပါမှာက ကိုယ်ယူလာတဲ့၊ ချိုင်းကြားညှပ်လာတဲ့ MONEY အိတ်လောက်နဲ့ သဏ္ဍာန်တူတဲ့ ဒါနအမှုတွေ၊ သီလအမှုတွေ၊ ဘ၀နာအမှုတွေပါပဲ။ ဒါနအမှုကောင်းတဲ့သူတော့ ငွေအိတ်ဖောင်းတာပေါ့။ သီလအမှုကောင်းတဲ့သူတော့ အန္တရာယ်ကင်းပါတယ်။ ဘ၀နာအမှုကောင်းတဲ့သူကတော့ သက် တောင့်သက်သာနေထိုင်ရမှာ သေချာပါတယ်။

အတွေးပေါင်းများစွာ၊ ခံယူချက်ပေါင်းများစွာနဲ့ ကျော်ဖြတ်လာခဲ့တဲ့ ကျွန်တော် ခုဆိုရင် ဘူတာ ၂၅ ခုကျော်ဖြတ်ပြီးသွားလို့ ၂၆ ဘူတာမြောက်ကို ဆိုက်ကပ်တော့မယ်။ ဘယ်နေ့ ဘယ်ဘူတာမှာ ဆင်းရမယ်တော့ မသိသေးဘူး။ ကျွန်တော်နဲ့အတူ စီးနင်းလာတဲ့ ဆရာတော်တွေ၊ နောက်ပြီး အကိုတွေ၊ အမတွေ၊ ညီလေးတွေ၊ ညီမလေးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအားလုံးကို ဘူတာကမဆင်းခင် ကာယ၊ ၀စီ။ မနော သုံးခုလုံးရောပြီး မှားခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ခဲ့ပါရစေ။ မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ သွားလာ နိုင်ကြပါစေကြောင်းလဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။

အီးမေလ်းထဲကရတာပါ။ အားလုံးဖတ်နိုင်အောင် တင်ပြပေးခြင်းဖြစ်ပါတယ်။

Advertisements

One response to “ရင်၌စွဲကျန်ခဲ့သော. . .

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s