Chatter (ချက်တာ) နှင့် Blogger (ဘလော့ဂါ)
ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger(ဘလော့ဂါ) တို့ရဲ့အဓိပ္ပါယ်ကို အရင် ဆုံး ရှင်းဖို့လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ Mirc,Gtalk, Skype,vzochar စတဲ့ Chatting Softwaer တွေကို သုံးပြီး မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Intenet သုံးတဲ့အချိန်တွေထဲက အများစုကို Blog (web log) လို့ခေါ်တဲ့ online Diary လေးတွေ ရေးသားကြတဲ့နေရာမှာအသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ chatter (ချက်တာ) တယောက်နဲ့ Blogger (ဘလော့ဂါ) တယောက်ရဲ့စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေ သူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီးဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့အချက်ကိုပဲ ဖြစ်ပါတယ်။
ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေကျင်လည်ကျက်စားတဲ့ Chatting website တွေရဲ့သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့သဘောသဘာဝတို့ကို ကျနော်တို့အနေနဲ့အရင်ဆုံးသိထားဖို့လိုပါလိမ့်မယ်။ Chatter တွေရဲ့ကျင်လည်ရာပတ် ၀န်းကျင်လို့ ပြောလို့ရတဲ့ Chatting website တွေရဲ့အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။
Chatter အများစုရဲ့အဓိကကျင်လည်ရာဟာ mIRC ပါလို့ပြောလို့ရပါတယ်။ mIRC ထဲမှာမှမြန်မာတွေ အသုံးအများဆုံးကတော့ ygn chat ဆိုတဲ့ chat room(ချက်ရွမ်း) ပဲဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကိုသုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တခုကို ကိုယ်ရဲ့စကားဝှက် (password) တခုနဲ့တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter များစွာနဲ့ ကြိုက်သလိုစကားပြော လို့ရသွားပါတယ်။ သူကလည်းသူ့ nick နဲ့ဝင်၊ ကိုယ်ကလည်း ကိုယ့် nick နဲ့ဝင်၊ တယောက်အကြောင်းလည်းတယောက်မသိ၊ တယောက် ကိုတယောက်လည်း မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်ကတာဝန်ယူစရာမလိုပါဘူး။ mIRC အသုံးများတဲ့ chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက် လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကိုရှက်တဲ့ ကြောက်တဲ့စိတ်တွေလည်းခေါင်းပါးလာပါတယ်။ အစစအရာရာကို ပေါ့ ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီးတာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ် ပါတယ်။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေပဲဖြစ်ပါတယ်။
Blogger (ဘလော့ဂါ) တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ http://www.blogger. com မှာ gmail account ကိုသုံးပြီး Blog (ဘလော့ဂ်) တခုကိုတည်ဆောက်ရယူနိုင်ပါတယ်။ Blog တခုဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တခုလုပ် ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာသေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါးပြောနိုင်တဲ့ နေရာတခုမဟုတ်ပါဘူး။ ဘလော့ဂ်တယောက်ရဲ့ပတ်ဝန်းကျင်မှာ ချက်တာတယောက်ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အာလာပသလ္လာပ အရည်မရအဖတ်မရ စကားလုံးတွေမရှိပါဘူး။ ဘလော့ဂါတယောက်ရဲ့ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်း တွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ဓါတ်ပုံလေးတွေ၊သူရဲ့ဘ၀အတွေ့ အကြုံလေးတွေကိုမျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ဘလောဂ့်မှာ သူတို့ရဲ့အထ္ထုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံစတာတွေကို အမှန်အတိုင်းကိုဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင် ထားကြတာဟာ သူတို့ဒီစာမျက်နှာတွေပေါ်မှာတင်လိုက်တဲ့စာ၊ဓါတ်ပုံ၊ ပန်းချီစတာတွေအတွက် သူတို့အပြည့်အ၀တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်တွေရဲ့စာမျက်နှာတွေပေါ်မှာလိမ်တာ၊ညာတာတွေ သိပ်မပါပါဘူး ရိုင်းစိုင်းကြမ်းတမ်း တာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာတာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ် ကြောင့် လက်လွတ်စပယ်မလုပ်တတ်ကြတာကို တွေ့ရပါတယ်။
နောက်ပြီးဘလော့ဂါတွေရဲ့ဘလောဂ့်တွေကိုလေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာတခုခုကို လိုက်ပြီးပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကိုစိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကိုမျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင် တတ်ပါတယ်။ သုတလိုင်းဘက်ကိုစိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကိုအမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတယောက်ဖြစ်လာတဲ့ သူရဲ့ရည်ရွယ်ချက်ဟာ ချက်တာ တယောက်ရဲ့ mIRC ထဲမှာကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေစကားပြောမယ်… ပြီရင် vzochat လေးသုံးပြီး webcam လေးနဲ့မျက်နှာလေးပါကြည့်လိုက်မယ်၊အဆင်ပြေရင်အပြင်မှာချိန်းတွေ့ကြမယ်… ဆိုတဲ့ရည်ရွယ်ချက်ထက် နည်းနည်းလောက် တော့ မြင့်သွားတယ်ဆိုတာ သိပ်ကိုသေချာပါတယ်။
နောက်တခုက အားစိုက်ထုတ်ရမှုအပိုင်းပါ။ ချက်တာတယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်။ ဘလော့ဂါတယောက်ဖြစ်လာဖို့ ကတော့ စစချင်းမှာလုံလောက်တဲ့အားတခု စိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်းစဉ်ဆက်မပြတ်တဲ့အားစိုက်ထုတ်မှုတခုကို ဆက်လုပ် ပေးနေဖို့လိုပါတယ်။ လုပ်ချင်စိတ်တခုနဲ့ အားတခုစိုက်ထုတ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ချက်တာတယောက်ရဲ့ အဆင့် ထက် အများကြီးပိုမြင့်တဲ့နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လိုရိုက်လို့ရပေမယ့်ဘလော့ဂ်တွေထဲမှာတော့ Buglish နဲ့ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး။ ရှိရင်လည်း ဘယ်သူမှဝင်ဖတ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတယောက်ဟာ သူ့ ဘလော့ဂ်ကိုအင်္ဂလိပ်လိုဖြစ်စေ၊ zawgyi one ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ကျွမ်းကျင်မှုတခုကိုတော့ မဖြစ်မနေရအောင်ယူကြရတာပါပဲ။
နောက်တခုက chatter တယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blgger တယောက် သူ့ရဲ့ဘလော့ဂ်ကိုစွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတယောက်ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ပါးစပ်ဖျားက စကားလုံး တွေပေါ်မှာ သာယာတဲ့ စိတ်ကြောင့်ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ချစ်စဖွယ် သံယောဇဉ် တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန်စကားပြောလို့ရတဲ့ နေရာလေး တခုကို ဖန်တီးထားလို့ရပါတယ်။ အဲဒါလေးကို Cbox လို့ ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုးခေါ်ကြပါတယ်။ နောက် ပြီးကိုယ်တင်လိုက်တဲ့ပို့စ်(post)တိုင်းရဲ့အောက်မှာလည်းစာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်) တွေဝင်ရေးပေးခဲ့လို့ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှု လေး တခုစီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတယောက်ဟာ ဒီနေ့သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွား သလဲ၊ ဘယ်သူတွေကများ ဘာတွေများဝင်ရေးသွားသေးသလဲ စတာတွေကိုဝင်ကြည့်… ကိုယ့်ကိုနှုတ်ဆက်သွားသူတွေကိုလည်း ပြန် နှုတ်ဆက်…စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကိုစွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တနေကုန်တနေခန်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတယောက်က ကိုယ့်ဘလော့ဂ်လေးကို ပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေ အသစ်ထပ်ရေး၊ ကိုယ့်ဆီလာလည်ကြတဲ့ သူငယ်ချင်းတွေကိုပြန်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လည်းအကျိုးမယုတ်၊ သူများအတွက်လည်းအကျိုးရှိစေမယ့် အလုပ်တွေကိုလုပ်နေတာ သေချာ ယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။
ချက်တာ (chatter) တယောက်နဲ့ ဘလော့ဂါ (Blogger) တယောက် အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာ မှန်ပေမယ့်… တကယ်တမ်းအင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေ များစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ chatter တွေပဲ ဖြစ်နေတာကို ၀မ်းနည်းစွာပဲ တွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်ကိုနည်းနေသေးတာကို တွေ့ရပါတယ်။ ကျနော့စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ဆန္ဒကတော့ chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂ် (Blogger) တယောက်ရဲ့ ဘ၀ကိုကူးပြောင်းစေချင်တာပဲ ဖြစ်ပါ တယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger)တယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတယောက်ရဲ့ဘ၀ထက် ပိုမိုပြီးအကျိုးများနိုင်မယ် ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို http://www.google. com က Google search Engine မှာ zawgyi-one Font နဲ့ ရိုက်ထည့်ပြီး ရှာကြည့်လို့ရပါတယ်။
နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကိုညွှန်းရမယ်ဆိုရင်တော့ www. mmblogdirecroryblogspot.com, http://www.myanmarblogsdirectory.blogspot.com,www.myanmarblogdiretory. Blogspot.com, http://www.myanmar-music.com, Myanmar music,blogs. Aspx, စတဲ့ နေရာလေးတွေပဲဖြစ်ပါတယ်။
ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသောဘလော့ဂါ တွေရဲ့ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့လင့်ခ်တွေ ကနေ တဆင့်လည်း သွားရောက်ဖတ်ရနိုင်ပါသေးတယ်။ လူငယ်တွေအားလုံး ချက်တာဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြ ပါစေဗျာ။
နေဘုန်းလတ်
http://www.nayphonelatt.blogspot.com
မိုးဂျာနယ်- အမှတ်(၁၂)အောက်တိုဘာလ-၂၀၀၇
13 responses to “Chatter (ချက်တာ) နှင့် Blogger (ဘလော့ဂါ)
  1. http://www.blogger.com မှာ blog တစ်ခုဘယ်လိုတည်ဆောက်ရတယ်ဆိုကို ရှင်းပြပေးပါလား။ ပြည့်ဆုံတဲ့ blog တစ်ခုဖြစ်အောင် …။
    Bro _ ရဲ့ စာတွေကတကယ် ကိုတန်ဖိုးရှိပါတယ်။
    နောင်ကိုလည်း.. ဒီထက်မက လမ်းညွှန်နိုင်ပါစေ..။
    ကျေးဇူးအထူးတင်ပါတယ်။
    အမှားပါခဲ့ရင် တောင်းပန်ပါတယ်။
    • ဟုတ်ကဲ့…. ရေးဖို့အစီအစဉ်ရှိပါတယ်… အချိန်မပေးသးလို့ မရေးရသေးတာပါ… အတတ်နိုင်ဆုံး အမြန်ကြိုးစားပီးတင်ပေးမပါမယ်ဗျာ….. အခုလိုလာလည်တာလည်း ကျေးဇူးတင်ပါတယ်… နောင်လည် လာလည်ပါဦနော့…. 🙂
  2. ကောင်းပါတယ် အကို ကျွန်တော်လဲ ဒီနေ့ကစပြီး Chatting မထိုင်တော့ဘူး
    Blogger ပဲ လုပ်တော့မယ်
  3. အဆင်ပြေရင်အပြင်မှာချိန်းတွေ့ကြမယ်… ဆိုတဲ့ရည်ရွယ်ချက်ထက် နည်းနည်းလောက် တော့ မြင့်သွားတယ်ဆိုတာ သိပ်ကိုသေချာပါတယ်။
    ဟုတ်ပါတယ် အစ်ကို …. Chatting တစ်ခုတည်းသုံးနေရင် အင်တာနက်သုံးတာ မတန်ဘူးလို့တောင်ပြောလို့ရပါတယ်။
  4. ကောင်းတယ်ဟေး ဒီပို့လေး က
    • ဟား..ဟား….. သာလိကာ….. မင်းက လာဖတ်တယ်ဟုတ်လား…. မထင်ရဘူး….. 😛 😛 😛
    • လာလည်တာ ကျေးဇူးပဲ… ရောင်ပြန်ရေ… လင်ခ့်ထားပါတယ်…..
  5. ဒီလိုမျိုးတွေလဲ ရသလားဗျ. . . . ဟဲဟဲ
    ရေးခဲ့သမျှ ၊ ဒီပိုစ့်ကို အကြိုက်ဆုံးပဲ . ..
    • ငါရေးတာမဟုတ်ဘူးကွ…. ကိုနေဘုန်းလတ်ရေးတာ… ထပ်ဆင့်ခံစား လိုက်တာ…. ဟဲ..ဟဲ
  6. ဒီလို စာလေးတွေ ဖော်ပြပေးတာ အကျိုးရှိပါတယ် သူငယ်ချင်းရေ။ ငါလဲ အရင်တုန်းက Modin, Myanmar Chat, Planet Teashop တွေမှာ Chatter လုပ်ပြီး အွန်လိုင်းမှာ သောင်းကျန်းခဲ့ဖူးပါတယ်။ 😛
    • အတူတူပါပဲဗျာ…… သူငယ်ချင်းပြောခဲ့တဲ့ ချက်ရွမ်း တွေအပြင် ရွှေနက် တို့ Yahoo messenger တို့မှာလဲ ဆူပါချက်တာ တယောက်ပေါ့။ 😛 😛 😛
      အလုပ်ကလည်း ချက်ရွမ်း အက်ဒမင် ဆိုတော့…. ပြောမနေပါနဲ့တော့ဗျာ…. 😛 😛 😛
Leave a comment