ပျောက်ဆုံးသွားတဲ့ အရိပ်


သူက ကျွန်တော့်အရိပ်ဖြစ်တယ်။ ကျွန်တော်ဘယ်သွားခဲ့တယ်၊ ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူက ပျော်နေပုံရတယ်။ ဒါပေမယ့် အဲဒီအရိပ်က မိုးညည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်….


မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့် ပိုက်ဆံနဲ့ ကျွန်တော့်ကို ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့ ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။
အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။
“မောင်… ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်”
“မောင်… မောင့်ကို သတိရနေတယ်”
“မောင်… အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်”

သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။

တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။

နောက်မှ ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့ သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့် ဝင်သွားချိန်ထိပါပဲ။

ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမှုကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။

“မောင်က ကလေးမှ မဟုတ်တာ ဘာများ ဖြစ်နိုင်မှာမို့လဲ?”

“မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်”

“ဟား… ဟား… ငတုံးလေး” သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ကျွန်တော်ရီလိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။

အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။ ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့ တယ်။ တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်း လိုသေးကြောင်း ကျွန်တော် သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ “စိန်လက်စွပ်ကို လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ် ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်” လို့ သူက တောင်းဆိုတယ်။ အဲဒီညနေက တစ်ယောက်က ဧည့်ခန်း ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန် မက်ဆေ့တွေ ပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။

အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။ တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူ ရိုက်ခဲ့ကြတယ်။ အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။

” မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?”

“သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်”

“ဘယ်တော့ ပြန်လာမလဲ?”

“ခဏလောက်ဆို ပြန်ခဲ့မယ်”

ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် …. သူ့ရဲ့ဖုန်းလည်း ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်…. အပြင်မှာ မိုးတွေရွာစပြုလာပြီ။ ဖုန်းက ထပ်မြည်လာပြန်တယ်။

“မောင်… ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့”

“သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ
ဘယ်လိုပြန်ခဲ့ရမလဲ?”

“ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်”

“မလာခဲ့နဲ့.. ရတယ်”

အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့ နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။ အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။ သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့ သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?

အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။

“မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။ သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး”

ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင် တွေ့လိုက်တယ်။

“မောင်… မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို ခင်လာကြိုပြီနော်။ စောင့်နေပါ”

ကျွန်တော့်ကို လိုက်ရှာတဲ့ လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။ မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော် အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီး တစ်ခုလုံးကို ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော် သိခဲ့ရတယ်။

သူဆုံးတာ ၃ လရှိပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့ အိပ်မက်ဆိုးကနေ ကျွန်တော် မနိုးထနိုင်ခဲ့သေးဘူး။

ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။ ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။ ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။ ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Advertisements

One response to “ပျောက်ဆုံးသွားတဲ့ အရိပ်

  1. ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။ ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။ ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။ ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။

    အရမ်းသဘောကျပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s